DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ပြီး ဗိုလ်ချုပ်ကို ဂုဏ်ပြကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
DVB
·
February 14, 2015
ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ပြီး ဗိုလ်ချုပ်ကို ဂုဏ်ပြကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
1 / 14
Donate to DVB

စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုကြပါလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဗိုလ်ချုပ် မွေးရပ်မြေ မကွေးတိုင်း နတ်မောက်မြို့မှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ ပြည့်မွေးနေ့ မိန့်ခွန်းမှာ  ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းလိုက်တာပါ။

“ဖေဖေဆိုရင် တိုင်းရင်းသားအားလုံး စုပေါင်းထူထောင်ထားတဲ့ ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တခုအနေနဲ့ မြင်ချင်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဗိုလ်ချပ်အတွက် အဇာနည် ဗိမာန်တော်ကို ခမ်းခမ်းနားနားမြင်ချင်တယ်လို့ မိန့်ကြားခဲ့ပါတယ်။ ကျမအနေနဲ့ ဖေဖေ့အတွက် တကယ်စစ်မှန်တဲ့ အာဇာနည်ဗိမာန်တော်ကြီးဆိုတာကတော့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးပါပဲ ဒီလိုစစ်မှန်တဲ့ ပြည်ထောင်စုကို ထူထောင်သောအားဖြင့် ဖေဖေ့ကို ဂုဏ်ပြုကြဖို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။”

မေတ္တာသစ္စာ အခြေခံပြီး အချင်းချင်းပှုးပေါင်းဆောင်ရွက်မှ ဗိုလ်ချုပ်အိပ်မက်ဖြစ်တဲ့ ညီညွတ်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးအဖြစ် တည်ထောင်နိုင်မှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ကျောက်ဆည်မြို့မှာ ကျင်းပတဲ့ ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် ပွဲတော်ကိုလည်း တက်ရောက်ခဲ့ပါတယ်။

မတူခြားနားမှုအပေါ်ကို အခြေခံပြီး ပြည်သူတွေ ညီညွတ်အောင် လုပ်ဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့အရည်အချင်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

“ကျမကို ဖေဖေ့ရဲ့ အရည်အချင်းထဲမှာ တန်ဖိုးအထားဆုံး အရည်အချင်းက   ပြည်သူလူထုကို ညီညွတ်အောင်လို့ လုပ်ပေးနိုင်စွမ်း အရည်အချင်း ရှိတာကို တန်ဖိုးအထားဆုံးပါပဲ။ နိုင်ငံတနိုင်ငံဟာ ညီညွတ်မှ အင်အားရှိမှာပါ။ ဒီလို ညီညွတ်အောင်လုပ်ပေးနိုင်ဖို့ဆိုတာ လွယ်တဲ့ ဟာတော့ မဟုတ်ပါဘူး။ နှစ်ယောက်မှာ ခေါင်းနှစ် လုံး၊ ခေါင်းနှစ်လုံးရဲ့ အတွေးတွေက မတူဘူး၊ မတူတော့ ညီညွတ်ဖို့က မလွယ်ဘူး။”

နိုင်ငံအ၀န်း ကျင်းပတဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့ကို လွှတ်တော်မှာလည်း ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

ဗိုလ်ချုပ် နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲ အခမ်းအနားကို နေပြည်တော်က ကာကွယ်ရေး ဦးစီးချုပ်ရုံးမှာလည်း ကျင်းပခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်ကို တကယ်လေးစားရင်၊ တကယ်မြတ်နိုး တန်ဖိုးထားမယ်ဆိုရင် ဗိုလ်ချုပ်ရဲ့ မှာကြားချက်တွေကို မိမိတို့ အားလုံးက အသိတရား၊ ဆင်ခြင်တုံတရား ရှိရှိနဲ့ အလေးထား လိုက်နာကြပါလို့ ပြောကြားခဲ့ပါတယ်။

ဗိုလ်ချပ်အောင်ဆန်းရဲ့ သက်ရှိထင်ရှားစဉ်က သုံးဆောင်ခဲ့တဲ့ ပစ္စည်းတွေလည်း အဲ့အခမ်းအနားမှာ ခင်းကျင်းပြသခဲ့ပါတယ်။

ပြည်သူသောင်းချီ ဆင်နွှဲခဲ့တဲ့ နတ်မောက် ဗိုလ်ချုပ်ရာပြည့်ပွဲ

[gallery ids="81549,81550,81551,81552,81553,81554,81555,81556,81557,81558,81559,81560,81561,81562"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013