စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အီရန်တို့ သဘောတူညီချက်ရဖို့ အရမ်းနီးစပ်နေပြီဖြစ်ပေမဲ့ နောက်ဆုံးသဘောတူညီမှုတော့ မရသေးဘူးလို့ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်က ပြောပါတယ်။
ဘီဘီစီရဲ့ မေးမြန်းမှုကို ဂျေဒီဗန့်စ်က ပြောဖို့ စောလွန်းတယ်လို့ ဖြေကြားထားတာပါ။
အမေရိကန်နဲ့ အီရန် ညှိနှိုင်းသူတွေဟာ သဘောတူညီမှု ရရှိပြီလို့ အမေရိကန်မီဒီယာ Axio က ထုတ်ပြန်ထားပေမဲ့ အီရန်အခြေစိုက် မီဒီယာတွေကတော့ ဒီသတင်းကို ငြင်းဆိုထားပါတယ်။
အမေရိကန်နဲ့ အီရန်တို့ဟာ အပစ်အခတ်ရပ်စဲရေး ကာလကို ရက် ၆၀ အထိ တိုးမြှင့်ခဲ့ပြီး နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ ဖော်ပြထားကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နောက်ဆုံး အတည်ပြုချက်လုပ်ဖို့ ကျန်သေးတယ်လို့ ဖော်ပြထားတာပါ။
ရက် ၆၀ MoU မှာ ဟောမုဇ် ရေလက်ကြားမှာ ကန့်သတ်မှုတွေ ဖယ်ရှားမယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အမေရိကန်အရာရှိတယောက်ကတော့ ဟော်မုဇ်ရေလက်ကြားမှာ အခွန်ကောက်တာ နှောင့်ယှက်တာမျိုး မရှိဘူးလို့ ပြောထားပြီး အီရန်က ရက် ၃၀ အတွင်း မိုင်းတွေအားလုံး ရှင်းလင်းထားရမယ်လို့ ဆိုပါတယ်။
အီရန်ဆိပ်ကမ်းတွေ အားလုံးကို ပိတ်ဆို့ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုအားလုံးကို ဖယ်ရှားရဖို့ ကိစ္စကတော့ ကုန်သွယ်ရေးသင်္ဘောတွေ ပြန်ဖြတ်သန်းတာနဲ့ ဆိုင်မယ်လို့လည်း ဆိုပါတယ်။
အမေရိကန်ဟာ အီရန်ရဲ့ ဆီရောင်းချမှု ကန့်သတ်ပိတ်ပင်ထားမှုကိုလည်း ပယ်ဖျက်ပေးဖွယ် ရှိတယ်လို့ ပြောပါတယ်။
MoU မှာ အီရန်ဟာ နျူကလီးယားလက်နက် မဝယ်ယူရဘူးဆိုတဲ့ ကတိပြုချက် ပါဝင်တယ်လို့လည်း ဆိုပါတယ်။
အဲဒီကတိထဲမှာ ပထမအဆင့်က ရက် ၆၀ အတွင်း ညှိနှိုင်းမှုတွေထဲမှာ ယူရေနီယံတွေကို ဘယ်လိုစွန့်ပစ်မယ် ဆိုတာနဲ့ ယူရေနီယံကိစ္စ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာတွေ ပါဝင်ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန်ကတော့ အမေရိကန်နဲ့ အီရန်တို့ MoU သဘောတူညီမှု ရထားတယ်ဆိုတဲ့ အချက်ကို အတည်ပြုဖို့ ငြင်းဆိုထားပါတယ်။
Source: Reuters










