
စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ အင်းတော်မြို့နဲ့ အနီးတဝိုက် ဒေသတွေကို စစ်အာဏာရှင်တပ်က ဧပြီ ၃၀ ရက်မှာ ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း စစ်တပ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းက အင်းတော်မြို့ရှိ အစိုးရရုံးဌာနတွေနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ တွေမှာ နေရာယူထားတဲ့ တော်လှန်ရေးအဖွဲ့တွေကို စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဧပြီ ၃၀ ရက်မှာ အင်းတော်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တွင်း နယ်မြေရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း စစ်တပ်ရဲ့ ထုတ်ပြန်ချက် အရ ဖော်ပြထားပါတယ်။
စစ်တပ်ဟာ ကသာမြို့မှာ အင်အားစုဖွဲ့ပြင်ဆင်ပြီး စစ်ကြောင်းတွေခွဲကာ ဧပြီ ၂၄ ရက်မှာ ပင်းမလွတ်ရွာကို စတင်သိမ်းပိုက်နိုင်ခဲ့ပြီး ၂၉ ရက်နေ့မှာတော့ နဘားလမ်းဆုံနဲ့ နဘားရွာကို ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီ ၃၀ ရက်နေ့မှာတော့ ကန်းနီရွာ၊ နားရခေါင်ရွာ၊ ကြာအင်းရွာ၊ ကျွန်းတောရွာ၊ ကူဆိပ်ရွာနဲ့ အင်းတော်မြို့ အပါအဝင် ပတ်ဝန်းကျင်ဒေသတဝိုက်ကို သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အင်းတော်မြို့ ဒေသခံတယောက်က “မနေ့တည်းက စစ်တပ် အင်းတော်မြို့ထဲ ဝင်လာတာ ဟုတ်ပါတယ်။ ကျနော်တို့လည်း ရှောင်နေရတော့ အဲဒီလောက်ပဲ ပြောလို့ရပါမယ်” လို့ DVB ကို အတည်ပြုပါတယ်။
တိုက်ပွဲတွေအတွင်း တော်လှန်ရေးအဖွဲ့တွေရဲ့ အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ကတော့ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
စစ်တပ်က စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်နဲ့ တကောင်းနယ်တို့ကိုလည်း မတ် ၁၀ ရက် နောက်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ အင်အားထောင်ချီ အသုံးပြုကာ ထီးချိုင့်-ကသာ လမ်းကနေ စစ်ကြောင်းတခု၊ တကောင်းဘက်ကနေ စစ်ကြောင်းတခုနဲ့ ထီးချိုင့်-ကသာ-ဗန်းမော် လမ်းတလျှောက်ကနေ အင်းတော်မြို့ကို ပြန်သိမ်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။










