
ကေခိုင်
မြန်မာဒုက္ခသည် သောင်းချီ ခိုလှုံနေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မီဇိုရမ်တက္ကသိုလ်မှာ ချင်းရေးရာအဖွဲ့ချုပ် (ICA) နဲ့ ပူးပေါင်းပြီး ၂၀၂၆ ခုနှစ် ဧပြီလထဲမှာ မြန်မာစာ ဒီပလိုမာသင်တန်း စတင်ဖွင့်လှစ်ဖို့ ရှိနေပါတယ်။
ဒါဟာ အိန္ဒိယအရှေ့မြောက်ပိုင်းမှာ တရားဝင် မြန်မာစာသင်ကြားပေးတာ တတိယအကြိမ်မြောက် ဖြစ်ပြီး အိန္ဒိယနဲ့ မြန်မာ ၂ နိုင်ငံကြား ဆက်ဆံရေးမှာ ဘယ်လောက်ထိ အရေးပါသလဲ ဆိုတာကို ပြသနေတာလို့ ICA တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီသင်တန်းကနေ မြန်မာစကား ကျွမ်းကျင်ရုံသာမက ယဉ်ကျေးမှုနဲ့ နိုင်ငံရေးအခင်းအကျင်းကိုပါ ပိုမိုနားလည်စေဖို့ ရည်ရွယ်တယ်လို့ ICA အုပ်ချုပ်ရေးနဲ့ သတင်းအချက်အလက် အရာရှိ Salai Van Sui San ကပြောပါတယ်။
“ကျနော်တို့ ဒီသင်တန်းကိုလုပ်ရတာက အိန္ဒိယဘက်က တောင်းဆိုတာဖြစ်သလို သူတို့အတွက် လိုအပ်လို့လုပ်တဲ့ဟာမျိုး ဖြစ်တာပေါ့နော်။ အဓိက လာတက်တဲ့လူတွေက အိန္ဒိယ အစိုးရဝန်ထမ်းတွေ၊ ထောက်လှမ်းရေးဘက်ကလူတွေရောပေါ့နော်၊ ပြီးရင် မြန်မာဘာသာစကားကို စိတ်ဝင်စားတဲ့ အိန္ဒိယနိုင်ငံသားတွေ လာရောက်တက်ရောက်တာတွေ များပါတယ်။ ဒီသင်တန်း လုပ်ခြင်းအားဖြင့် ကျနော်တို့ အိန္ဒိယနဲ့ မြန်မာ (အဓိကချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ အိန္ဒိယ) ဆက်ဆံရေး ပိုမိုချောမွေ့ဖို့ ကျနော်တို့ မျှော်လင့်ထားတာပါ။ ပြီးရင် ဒီတော်လှန်ရေးကာလ အတွင်းမှာ ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုရှိဖို့ မျှော်လင့်ထားတာတွေ ရှိပါတယ်။”
တနှစ်ကြာမဲ့ ဒီသင်တန်းမှာ သင်တန်းကာလ အပိုင်းအခြားကို ၂ ခုခွဲထားပြီး အခြေခံကနေ လက်တွေ့သုံးအထိ သင်ကြားပေးမှာပါ။ သင်တန်းကြေးက သင်တန်းကာလ တပိုင်းအတွက် အိန္ဒိယရူပီး ၂,၀၀၀ သတ်မှတ်ထားပါတယ်။
အခုလို မြန်မာစာသင်ကြားမှုဟာ နယ်စပ်လုံခြုံရေးနဲ့ ကူးသန်းရောင်းဝယ်ရေးတွေမှာပါ အရေးပါတယ်လို့ ပညာရေးလေ့လာသုံးသပ်သူ တယောက်က မှတ်ချက်ပြုပါတယ်။
ပညာရေးလေ့လာသုံးသပ်သူတယောက်က “၂၀၂၁ နောက်ပိုင်း မြန်မာနိုင်ငံ ပဋိပက္ခဟာ အိန္ဒိယနဲ့ မြန်မာကြား ရင်းနှီးမြှုပ်နှံရေး စီမံကိန်းတွေမှာ အများကြီး ရိုက်ခတ်မှုတွေ ရှိသွားနိုင်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ အင်အားစုမျိုးစုံ (စစ်အုပ်စု၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ CDF နဲ့ အရပ်ဘက်အဖွဲ့အစည်းများ) ရှိနေပါတယ်။ အိန္ဒိယအနေနဲ့ နယ်စပ်ဒေသတည်ငြိမ်ဖို့ သူတို့အားလုံးနဲ့ ထိတွေ့ဆက်ဆံရနိုင်ခြေ ရှိပါတယ်။ လူမှုစီးပွားအပြောင်းအလဲတွေကို မြန်မာစာနဲ့ တိုက်ရိုက်လေ့လာနိုင်တဲ့ သုတေသနပညာရှင်တွေဟာ အိန္ဒိယအစိုးရဆီကို ပိုမိုထိရောက်တဲ့ အိမ်နီးချင်းမူဝါဒတွေ ချမှတ်နိုင်ဖို့ အကြံပေးနိုင်မှာဖြစ်တဲ့အတွက် မြန်မာစာသင်ကြားမှုက ပိုပြီး အရေးပါတဲ့ သဘောသက်ရောက်တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
မြန်မာစာသင်ကြားမှုဟာ ပြည်သူချင်း ပေါင်းကူးတံတားဖြစ်စေသလို၊ စစ်ရေးပဋိပက္ခကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရသူတွေအတွက်လည်း မီဇိုရမ်ပြည်နယ်က တက္ကသိုလ်တချို့မှာ ပညာဆက်သင်ခွင့် ရနေတယ်လို့ သိရပါတယ်။
ကေခိုင်










