
ကရင်ပြည်နယ်၊ ဘူးသိုမြို့နယ်၊ ပိုကြီရွာကို ဇွန် ၁ ရက်နေ့ မနက် ၁၀ နာရီကျော်က စစ်အာဏာရှင် စစ်ကြောင်းက ဒရုန်းနဲ့ ဗုံး ၄ လုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။
မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေပြန်လည်ရရှိရေး စစ်အာဏာရှင်တပ်က နယ်ခြားစောင့်တပ် (BGF) အကူအညီယူပြီး လူအင်အား ၂၀၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးနေတာ ကမမောင်း-ဖာပွန်သွားလမ်းပေါ်က မိုင် ၄၀ နဲ့ ကတိုင်တိရွာကြားကို ရောက်ရှိနေပါတယ်။
လက်ရှိမှာလည်း စစ်အာဏာရှင်စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံနေရတာကြောင့် ရှေ့ဆက်တိုးနိုင်ဖို့ စစ်ရေးနဲ့မဆိုင်တဲ့ အနီးအနားက ကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာပါ။
တပ်မဟာ ၅၊ မူတြော်ခရိုင် (ပြောခွင့်ရ) ပဒိုစောထိုရော်ဘင်က “ဒါက တိုက်ပွဲနဲ့ ဘာမှ မဆိုင်ဘူး။ ပြည်သူလူထုရွာ သက်သက်ပဲ။ စစ်ကြောင်းရဲ့ လှုပ်ရှားမှုက လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်။ စာသင်ကျောင်းတွေလည်း မရွေးဘူး။ ပြည်သူလူထုရွာတွေလည်း ပစ်မှတ်ထားတာပဲ။ နောက် ဘုန်းကြီးကျောင်း၊ ဘာသာရေးကျောင်းတွေလည်း ပစ်တာပဲ။ တော်တော် ပျက်စီးဆုံးရှုံးသွားတယ်။ ရွာတွေ၊ အိမ်တွေ၊ ဒဏ်ရာရတဲ့ ရွာသားတွေ အခြေအနေက တော်တော်ဆိုးတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မေ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က ကျောပါးတပိုးရွာနဲ့ ဘောကျိုးထရွာကို စစ်အာဏာရှင်စစ်ကြောင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံရွာသား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့ ည ၁ နာရီလောက်ကလည်း စစ်အာဏာရှင်စစ်ကြောင်းတွေ အထိနာခဲ့တာကြောင့် အနီးနားက ကျောက်ကွင်း (လယ့်ကွယ်သို) ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၁၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် မေ ၂၁ ရက် ည ၁ နာရီလောက်ကလည်း အိမ်ခြေ ၇၀ လောက်ရှိတဲ့ ဝါးသိုထကျေးရွာကို ဝင်ရောက်ပြီး မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူဆီက သိရပါတယ်။










