DVB Logo
Home
မြန်မာသတင်း
သတ်မှတ်ပမာဏာအတိုင်း စက်သုံးဆီ တပတ်အတွင်း ၃ကြိမ်သာ ဝယ်ခွင့်ပြုမည်
DVB
·
March 27, 2026
Photo : MDN
Photo : MDN
Donate to DVB

စက်သုံးဆီတွေကို မတ် ၂၇ ရက် ဒီနေ့ကစလို့ စက်စွမ်းအားအလိုက် သတ်မှတ်ပမာဏနဲ့ တပတ်မှာ ၂ ကြိမ်ကနေ ၃ ကြိမ် ဝယ်ခွင့်ပြုတော့မယ်လို့ စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထွန်စက်နဲ့ လယ်ယာသုံးစက်တွေ၊ မီးစက်တွေအတွက်လည်း ဆီရောင်းပေးမယ်လို့ မတ် ၂၆ ရက် မှာ ထုတ်ပြန်လာတာပါ။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တို့မှာ အဆင့်မြှင့်တင်ထားတဲ့ Bar Code/ QR Code တို့နဲ့ မတ် ၂၇ ရက်ကစလို့ ဝယ်ယူခွင့်ရမှာဖြစ်ပြီး တခြားမြို့တွေမှာလည်း အခုလို ဆက်လုပ်မယ်လို့ ဆိုပါတယ်။

ဒီစနစ်မှာတော့ ယာဉ်ရဲ့ စက်စွမ်းအားအလိုက် တပတ်စာသတ်မှတ်ချက် (ကိုတာ)ကို ရောင်းပေးမှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ ကိုတာကို တပတ်အတွင်း အပြီးအပြတ်ဝယ်ရမယ်လို့ ဆိုပါတယ်။

ခရီးဝေးသွားတယ်ဆိုရင်တော့ မူလဝယ်ထားတဲ့ စက်သုံးဆီ ငွေရှင်းပြေစာကို ပြသပြီး ရောက်ရှိရာ တခြားတိုင်းနဲ့ ပြည်နယ်က အရောင်းဆိုင်တွေမှာ Scan ဖတ်ပြီး ထပ်ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

ခရီးဝေးပြေးဆွဲနေတဲ့ အထူးဘတ်စ်ကား၊ လူမှုကူညီရေးယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်၊ စည်ပင်အမှိုက်သိမ်းယာဉ်၊ ရေပုပ်စုပ်ယာဉ်စတဲ့ ယာဉ်တွေကိုတော့ ကိုတာ မသတ်မှတ်ဘဲ လိုအပ်တဲ့ ပမာဏအတိုင်း စိစစ်ရောင်းချပေးမှာဖြစ်ပေမဲ့ Scan ဖတ် မှတ်တမ်းတင်ထားပြီး အွန်လိုင်းစောင့်ကြည့်ရေးစနစ်နဲ့ ကြပ်မတ်မယ်လို့ ဆိုပါတယ်။

နံပါတ် အနီဘတ်စ်ကားတွေကိုလည်း ကိုတာ မသတ်မှတ်ဘဲ ရောင်းချပေးမှာဖြစ်ပြီး ကုန်တင်ကား တွေကိုတော့ မြို့ပြင်က စက်သုံးဆီဆိုင်တွေမှာ QR Code စနစ်နဲ့ ဖြည့်သွင်း ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထွန်စက်၊ လယ်ယာသုံးစက်ကိရိယာတွေ၊ အိမ်တွင်းစက်မှုလုပ်ငန်းတွေနဲ့ မီးစက်တွေ အတွက် စွမ်းအင်ဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ပုံစံမှာဖြည့်စွက်ပြီး နီးစပ်တဲ့ အရောင်းဆိုင် တွေမှာ မှတ်တမ်းစနစ်နဲ့ ရောင်းပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေဟာလည်း Bar Code ဒါမှမဟုတ် QR Code ဖတ်ပြီး ရောင်းချပေးထားတာ၊ ပုံစံမှာဖြည့်စွက်ရောင်းချပေးထားတဲ့ စက်သုံးဆီပမာဏကိုပဲ ပြန်လည် ဖြည့်တင်းခွင့် ရမယ်လို့ ဆိုပါတယ်။

ရောင်းချပေးမဲ့နှုန်းတွေကတော့ ဆိုင်ကယ်တွေက တပတ်မှာ ၈ လီတာ၊ သုံးဘီးတွေက ၂၅ လီတာ၊ ထော်လာဂျီတွေက လီတာ ၃၀၊ နံပါတ်အနက် အိမ်စီးနဲ့ ဌာနဆိုင်ရာ ဆလွန်း၊ ဂျစ်၊ ဝက်ဂွန်စတဲ့ ကားတွေကတော့ စက်စွမ်းအားအလိုက် ၃၅ လီတာကနေ ၄၅ လီတာ၊ တက္ကစီတွေက လီတာ ၉၀ ကနေ ၁၁၀ စသည်ဖြင့် သတ်မှတ်ထားပါတယ်။

လက်ရှိမှာတော့ ကားနံပါတ် စုံ မ ခွဲခြားပြီး မောင်းနှင်သွားလာခွင့်နဲ့ ဆီဝယ်ခွင့်ပြုထားပေမဲ့ ဆီဆိုင်တွေမှာ နာရီနဲ့ချီကြာအောင် တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူနေကြရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013