DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိက၀တ်လက်မှတ်ထိုး
DVB
·
February 12, 2015
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိက၀တ်လက်မှတ်ထိုး
1 / 7
Donate to DVB

တနိုင်ငံလုံးအပစ်ရပ်စာချုပ်အမြန်ရေးထိုးရေး အပါအ၀င် ကတိက၀တ်ကို ပြည်ထောင်စုနေ့အ ထိမ်းအမှတ်အဖြစ် နေပြည်တော်မှာ လက်မှတ်ရေးထိုးရာမှာ တက်ရောက်တဲ့ တိုင်းရင်းသားလက် နက်ကိုင် ၁၃ ဖွဲ့အနက် ၄ ဖွဲ့က ပါဝင်လက်မှတ်ရေးထိုးပါတယ်။

ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိက၀တ်မှာ  အချက် ၅ ချက်ပါဝင်ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက်စာချုပ် အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေး ဦးစွာဆောင်ရွက်ဖို့နဲ့ သမိုင်းရှည်ကြာဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခ များ အဆုံးသတ်နိုင်ရေးအတွက် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းနိုင်မယ့် နိုင်ငံရေးယဉ်ကျေးမှုတရပ် ထူထောင်ပြီး ပါဝင်သင့်၊ ပါဝင်ထိုက်သူတွေ အားလုံး ပါဝင်ခွင့်ရှိတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို အလျင်အမြန် ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့တို့ ပါဝင်ပါတယ်။

ဒီကတိက၀တ်ကို နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ (၂) ဦး၊ လွှတ်တော် ဥက္ကဌ (၂) ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ အစိုးရဝန်ကြီး (၁၅) ဦး၊ လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ် (၃) ဦး၊ တပ်မတော် ကိုယ်စားပြု ဒုတိယဗိုလ်ချုပ်ကြီး (၃) ဦး၊ နိုင်ငံရေးပါတီ (၆၁) ပါတီထဲက (၅၅) ပါတီ၊ တိုင်းရင်းသား ရေးရာဝန်ကြီး (၂၉) ဦး နဲ့ လက်နက်ကိုင် (၁၃) ဖွဲ့ထဲက (၄) ဖွဲ့ ရေးထိုးကြပါတယ်။

လက်မှတ်ထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ကတော့ ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူ/ကေအန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ကျန်တိုင်းရင်းသားလက်နက်ကိုင် (၉) ဖွဲ့က လက်မှတ်မထိုးတာနဲ့ပတ်သက်လို့ အစည်းအဝေးတက်ရောက်တဲ့ ပအိုဝ်းလွတ်မြောက်ရေးတပ်မတော်ရဲ့နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလို ပြောပါတယ်။

“ယူအန်အက်ဖ်စီ (ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ) အဖွဲ့က ၄ ဖွဲ့တက်တယ်။ လေးဖွဲ့မှာ SSPP၊ မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသား တပ်ဦးနဲ့ ကျနော်တို့ ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့တက်တယ်။ ကျနော်တို့ လက်မှတ်ထိုး ပိုင်ခွင့်ရှိတာက PNLO (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့) က ဥက္ကဋ္ဌကိုယ်တိုင်တက်တယ်။ ဒီတဖွဲ့ပဲ လူစုံတာ ကျန်တဲ့အဖွဲ့တွေက ခေါင်းဆောင်တွေက ဘာမှ မမှာလိုက်ဘူး။ လက်မှတ်ထိုးဖို့မပါဘူးပေါ့။ ကန့်ကွက်တာလည်း မဟုတ်ဘူး။ သဘောမတူတာလည်းမဟုတ်ဘူး။ ဒါပေမယ့် လက်မှတ်ထိုးဖို့အတွက် ဆုံးဖြတ်ရမယ့် လူမပါလာတော့ သူတို့က မထိုးဖြစ်ဘူး။ ဆုံးဖြတ်မယ့်သူပါတာက ပအိုဝ်းကပါတယ်။ ဒါပေမယ့် တပ်ပေါင်းစုမှာက အတူတကွလက်မှတ်ရေးထိုးရေးမူကို ချထားတဲ့အခါကျတော့ ကျနော်တို့ ယူအန်အက်ဖ်စီအနေနဲ့ တိုင်ပင်ပြီးတော့  စုစုစည်းစည်းနဲ့ အတူတကွ လက်မှတ်လာထိုးကြမယ်ဆိုတဲ့ အချိန်ကျမှ ထိုးဖို့ဖြစ်တဲ့အခါကျတော့ ကျနော်တို့ ၄ ဖွဲ့ကတော့ မထိုးသေးဘူးပေါ့။”

အလားတူ ယူအန်အက်ဖ်စီအဖွဲ့ဝင်မဟုတ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသ ၄ မိုင်းလား နဲ့ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ တပ်ဖွဲ့တွေကလည်း လက်မှတ်ထိုးပိုင်ခွင့်မရှိတဲ့သူသာ လာတဲ့အတွက် မထိုးဖြစ်ကြဘူး လို့ ပြောပါတယ်။

ဒီကတိက၀တ်ဟာ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးအတွက် တွန်းအားတခုဖြစ်သလို နိုင်ငံရေး အာမခံချက်အဖြစ် ဦးခွန်ဥက္ကာက ရှုမြင်ပါတယ်။

“တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး အမြန်လုပ်ဖို့အတွက် တွန်းအားတော့ဖြစ်တယ်။ ဘာကြောင့် လဲဆိုတော့ အဖွဲ့တချို့က နိုင်ငံရေးအာမခံချက်မရရင် အပစ်ရပ်လက်မှတ်မထိုးဘူး လို့ပြောတယ်။ ဒီကတိက၀တ်က နိုင်ငံရေးအာမခံချက်နဲ့တူပါတယ်။ သမ္မတကြီးတို့ကိုယ်တိုင်က ဒီလိုဆောင်ရွက်ပါ့ မယ်လို့ အာမခံလိုက်ပြီဆိုရင်တော့ အပစ်ခတ်ရပ်စဲရေးအတွက်ကတော့ လွယ်ကူချောမွေ့သွားနိုင် တာပေါ့။ အဲလို တိုက်ရိုက်အထောက်အကူဖြစ်မယ်လို့ယူဆပါတယ်။”

ပြည်ထောင်စုနေ့ ဆွေးနွေးပွဲကို  ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အို)၊ တအာင်းအမျိုး သားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့ တက်ရောက်ခြင်းမရှိပါဘူး။

ဒီအဖွဲ့တွေအနေနဲ့ အစိုးရကရဲ့ ဖိတ်ကြားချက်ကို ရရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက် နိုင်ကြောင်း အကြောင်းပြန်ကြားခဲ့ပါတယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ ကြေညာချက်မှာတော့ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ကြတဲ့ နိုင်ငံရေး ပဋိပက္ခတွေကို အဆုံးသတ်ပြီး တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည် ဆောက်ရန်အတွက် အန်စီစီတီ (တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရဲ့ တနိုင်ငံလုံးအပစ် ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) က တွေ့ဆုံညှိနှိုင်းနေတဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - အောင်ကြီး

[gallery ids="81274,81275,81276,81277,81278,81279,81280"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013