
ရန်ကုန်မြို့မှာ အွန်လိုင်းပေါ်ကနေတဆင့် ချစ်ကြိုက်ခဲ့တဲ့ ယောကျ်ားလေးတယောက်ကို မိန်းကလေးတယောက်က အပြင်မှာတွေ့ဖို့ ချိန်းဆိုခဲ့ပြီး ကောင်လေးကို အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်ဆီမှာ ကျပ် သိန်း ၁၀၀ နဲ့ ရောင်းစားခဲ့ရတယ်လို့ မိဘတွေက ပြောပါတယ်။
ဧပြီ ၄ ရက်မှာ မိန်းကလေးက အပြင်မှာ ဆုံတွေ့ဖို့ဆိုပြီး ရန်ကုန်မြို့ ကန်တော်ကြီးမှာ ချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။
ယောကျ်ားလေးရဲ့ မိခင်ဖြစ်သူက “သားလေးက ဖုန်းပြောပြောနေတော့ သူ့ကောင်မလေးမှန်း သိတာ။ မေးတော့ အွန်လိုင်းကနေ တွေ့တာလို့ ပြောတယ်။ ဗီဒီယိုကောတွေပါ ပြောလိုက်သေးတယ်။ အသံလေးကတော့ ရည်ရည်မွန်မွန်ပဲ။ တွဲတာ ၄ လလောက်ပဲရှိဦးမယ် ထင်တယ်။ တရက်ကျတော့ သားလေးကို အဲဒီကောင်မလေးက ချိန်းတယ်။ ကျမကိုတော့ ပြောသွားတယ်။ ကောင်မလေးနဲ့ ကန်တော်ကြီးမှာ ချိန်းထားတယ်။ သွားတွေ့ဦးမယ်တဲ့။ ပြန်လာရင် မုန့်ဝယ်ခဲ့မယ်ဆိုပြီး ထွက်သွားတာ။ အဲဒီနေ့က သားလေးမျက်နှာကို နောက်ဆုံးမြင်ရတာပဲ” လို့ ပြောပါတယ်။
ဧပြီ ၄ ရက်ကစပြီး အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့ ကောင်လေးဟာ တလနီးပါးအကြာမှာ မိခင်ဖြစ်သူထံ ဖုန်းခေါ်ခဲ့ရာမှာ သူ့ကို ကောင်မလေးက ကျပ်သိန်း ၁၀၀ နဲ့ ရောင်းစားခဲ့တာလို့ ဆိုပါတယ်။
သူ့ကို အမည်မသိလူတစုက ခေါ်ဆောင်သွားတာဖြစ်ပြီး သတိရချိန်မှာ ရောက်ရှိတဲ့နေရာကို မသိကြောင်း၊ ဒါကြောင့် နေအိမ်ကို ပြန်လိုပါက ကျပ် သိန်း ၁၀၀ နဲ့ ပြန်ရွေးရမယ်လို့ သိရပါတယ်။
မိခင်ဖြစ်သူက “ဘယ်နေရာလဲဆိုတာ မပြောဘူး။ သူ့ကို အိမ်ပြန်ချင်ရင် ကျပ် သိန်း ၁၀၀ နင့်မိဘတွေဆီက တောင်းပြီး သွားလို့ရတယ်တဲ့။ ဖုန်းက သူတို့ရှေ့မှာ ဆက်ရတာလို့ ပြောတယ်။ နောက် ဖုန်းလိုင်းက မမိတော့ဘူး။ ပြန်ဆက်တော့ လုံးဝအဆက်အသွယ်မရတော့ဘူး ခုချိန်ထိပဲ” လို့ ပြောပါတယ်။
ရောင်းစားခံရတဲ့ ကောင်လေးက အသက် ၂၂ နှစ်သာရှိသေးပြီး စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ ကျောင်းမတတ်တော့ဘူးလို့ သိရပါတယ်။
မိဘဖြစ်သူတွေက အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပေမဲ့ လက်ရှိအချိန်ထိ မဖြေရှင်းသေးဘူးလို့ သိရပါတယ်။
အွန်လိုင်းပေါ်မှာ အွန်လိုင်းငွေလိမ် ကျားဖြန့်တွေဟာ ယောက်ျားလေး၊ မိန်းကလေးတွေရဲ့ ချောချောလှလှ ပုံတွေနဲ့ လူငယ်တွေကို ပစ်မှတ်ထားပြီး လိမ်လည်မှုတွေရှိနေတာ ဖြစ်ပါတယ်။










