DVB Logo
Home
မြန်မာသတင်း
မြဝတီတွင် ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်သွားလာခြင်း မပြုလုပ်ရန် သတိပေး 
April 30, 2026
KNA တပ်ဖွဲ့ဝင်များ။ (Photo: DVB)
KNA တပ်ဖွဲ့ဝင်များ။ (Photo: DVB)
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းမှာ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်သွားလာနေတဲ့ အဖွဲ့အစည်းတွေကို တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ အရေးယူမယ်လို့ စစ်တပ်က ညွှန်ကြားထားပါတယ်။

မြဝတီမြို့တွင်းမှာ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်တာ စစ်ဆေးတွေ့ရှိရင် တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ အရေးယူသွားမယ်လို့ ဧပြီ ၂၃ ရက်က ခလရ ၂၇၅ မှာပြုလုပ်ခဲ့တဲ့ ဌာနဆိုင်ရာတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပြုလုပ်တဲ့ အစည်းအဝေးအပြီး စစ်အုပ်စုက ညွှန်ကြားစာ ထုတ်ပြန်ခဲ့တာပါ။

မြဝတီမြို့ပေါ်မှာနေထိုင်တဲ့  လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်တာတွေ မပြုဖို့နဲ့ လက်နက်တွေကို သက်ဆိုင်ရာမှာ အပ်နှံထားဖို့ စတဲ့ အချက် ၈ ချက်ကို ညွှန်ကြားခဲ့ပါတယ်။

KNU/KLNA-PC ပြောခွင့်ရသူ  ဗိုလ်မှူးကြီး စောကျော်ညွန့်က “ခွင့်မပြုတာက အခုမှ မဟုတ်ပါဘူး။ မြဝတီမြို့အုပ်ချုပ်ရေးက  ၄ နှစ်တာ ၅ နှစ်တာကာလအတွင်းမှာ ဒီလိုပဲ ညှိနှိုင်းပြီးတော့ သွားနေရတဲ့ အခင်းအကျင်းက ရှိတယ်လေ။ အခုလုပ်တဲ့ဟာတွေကလည်းပဲ မြဝတီမြို့ပေါ်မှာ နေထိုင်တဲ့ တပ်ဖွဲ့ဝင်အချင်းချင်း လုံခြုံရေးအရပဲ ပြောပြော ဒါက သူတို့ အောက်ခြေမှာ ညှိနှိုင်းဆောင်ရွက်ပြီးမှ အဖြေပေါ်လာတဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ သိတဲ့အတိုင်းပဲ မြဝတီမြို့ ဆိုတာလည်း ကျနော်တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ တော်တော်များများက သူ့အိမ် သူ့ခြံ သူ့မိသားစုနဲ့ အဲလိုမျိုး အစဉ်အလာ နေထိုင်လာခဲ့ရှိတဲ့အခါကျတော့ အခုကတော့ လုံခြုံရေးအရ လက်နက်ကိုင်ဆောင်တာတွေ စနစ်တကျဖြစ်အောင် အောက်ခြေမှာရှိနေတဲ့ တပ်မှူးတွေကနေပြီတော့ ဒါ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နေကြတယ် ထင်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကရင်အမျိုးသားတပ်မတော် (KNA) လက်မောင်းတံဆိပ် ပြောင်းလဲခဲ့တဲ့ တပ်ဖွဲ့တွေအနေနဲ့  ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထားပြီး မြဝတီမြို့ကနေ ထွက်ခွာဖို့နဲ့  တပ်နယ် ၂ မှာ ပြန်လည်နေထိုင်ဖို့ တပ်မ ၂၂ တပ်မမှူးက ညွှန်ကြားခဲ့ပါတယ်။ 

ဒါပေမဲ့ မြဝတီမြို့တွင်းကနေ KNA တပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့အထိ ထွက်ခွာသွားတာ မရှိပါဘူး။ လက်ရှိမှာတော့ မြဝတီမြို့ပေါ်က လက်နက်ကိုင်တပ်ဖွဲ့တွေ သေနတ်တွေနဲ့ သွားလာတာ သိပ်မတွေ့တော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မြဝတီဒေသခံတယောက်က “လက်ရှိမှာတော့ သူတို့တွေ 4 Wheels ကားတွေ၊ ယူနီဖောင်းတွေနဲ့ သွားနေတာပဲ။ သေနတ်တွေနဲ့တော့ သိပ်မတွေ့တော့ဘူး။ ယူနီဖောင်းနဲ့ သွားလာတာတော့ တွေ့ရတယ်။ ဒီထက် ပိုတင်းကျပ်သွားမယ်ဆို သူတို့ကို ထွက်ပေါက်မပေးဘူးဆိုရင်တော့ သူတို့က တိုးမှာပဲ။ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ကတော့ ဒီမှာ အများကြီးရှိတယ်။ သေချာတာကတော့ လက်နက်ကိုင်တွေလည်း ဒီအပေါ်မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီ” လို့ ပြောပါတယ်။

စစ်အုပ်စုရဲ့ ညွှန်ကြားစာနဲ့ပတ်သက်ပြီး ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ တတိယပတ်က စစ်တပ်လက်အောက်ကနေ နုတ်ထွက်ဖို့ စာတင်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ မြဝတီမြို့နယ် မဲပလဲ့အခြေစိုက် တပ်နယ် ၄ တပ်နယ်မှူး  ဗိုလ်မှူးမုတ်သုန်ဟာ လက်ရှိမှာ စစ်တပ်နဲ့အတူ ပူးပေါင်းလုံခြုံရေးလုပ်ဆောင်နေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013