
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဝေါလေကျေးရွာရှိ ထီးညာလိဘုန်းကြီးကျောင်းကို ဧပြီ ၃ ရက် မနေ့ ညနေ ၆ နာရီလောက်က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၃၁ ရက်ကစတင်ပြီး ဝေါလေဗျူဟာကို သိမ်းပိုက်နိုင်ဖို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်က အခုလို အနီးအနားက ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာပါ။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းပေါ် ဗုံးတည့်တည့် ကျရောက်ပေါက်ကွဲပြီး ကျောင်းဆောင်တခုလုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
ကရင်စစ်ရေးသတင်းရင်းမြစ်တယောက်က “စစ်ရေးပစ်မှတ်အနေနဲ့ ပြည်သူတွေကို ပစ်မှတ်ထားတယ်။ ဒါကြောင့် ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ပြည်သူတွေနေတဲ့ ရွာတွေကို ကြဲမယ်။ အဲဒါက သူတို့ရဲ့ ဗျူဟာအနေနဲ့ တိုက်ခိုက်နေတာ”လို့ ပြောပါတယ်။
ဝေါလေဗျူဟာ စခန်းသိမ်းတိုက်ပွဲကြောင့် ဝေါလေကျေးရွာအပါအဝင် အနီးအနားက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်သူမရှိဘူးလို့ ဆိုပါတယ်
ဧပြီ ၃ ရက် ည ၁၂ နာရီကျော်လောက်က တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာကို စစ်တပ်က လေကြောင်းကနေ နေ့တိုင်းလိုလို ဗုံးကြဲတိုက်ခိုက်နေပါတယ်။
Y 12 နဲ့ ဗုံးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် လေးကဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ တပ်မဟာ ၁ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အလားတူ ဧပြီ ၂ ရက် ည ၁၁ နာရီခွဲကျော်လောက်ကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လေးကေကျေးရွာနားက တာပေါကျေးရွာအတွင်းက လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၁ ရက် ညပိုင်းကလည်း လေးကေကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လူနေအိမ်တချို့ ထိခိုက်ပျက်စီးပြီး ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေတဲ့အတွက် ထိခိုက်သူ မရှိဘူးလို့ သိရပါတယ်။











