ရုရှားနိုင်ငံက လူစွန့်စားစုံတွဲဟာ ဇူလိုင် ၁ ရက်က နယူးယောက်မြို့ရှိ သမိုင်းဝင် အင်ပါယာစတိတ် မိုးမျှော်အဆောက်အအုံထိပ်ကို တက်ရောက်ခဲ့ပါတယ်။
အဲဒီနောက်မှာ "အာဏာကို မက်မောတဲ့စိတ်ထက် အချစ်ရဲ့စွမ်းအားက အောင်နိုင်သွားတဲ့အခါ ကမ္ဘာကြီး ငြိမ်းချမ်းလိမ့်မယ်။" ဆိုတဲ့ စာတန်းကို ချိတ်ဆွဲခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် အီဗန် ဘီယာကူးစ်နဲ့ အသက် ၃၃ နှစ်အရွယ် အင်ဂျလာ နီကိုလူ တို့ဟာ အမြင့်ပေ ၁,၄၅၄ ပေရှိတဲ့ တာဝါထိပ်မှာ ၁၀ မိနစ်လောက် နေခဲ့ကြကာ အဲဒီနေရာမှာ ဘီယာကူးစ်က ဒူးထောက်ပြီး နီကိုလူကို လက်စွပ်ပေးကာ လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။
“နယူးယောက်မြို့လယ်က ကမ္ဘာ့အကျော်ကြားဆုံး အဆောက်အအုံကြီးရဲ့ Observation Deck ဟာ အမှတ်တရအဖြစ်ဆုံး လက်ထပ်ခွင့်တောင်းဖို့အတွက် လက်တွေ့ကျတဲ့ နေရာတခုဖြစ်တယ် ဆိုတာကို အလေးထား ပြောချင်ပါတယ်” လို့ အဆောက်အအုံ တာဝန်ရှိသူက ထုတ်ပြန်ပါတယ်။
သူတို့ ၂ ယောက်ဟာ အထပ် ၁၀၃ ထပ်မှာရှိတဲ့ ရေစင်ပြုပြင်ရေး တံခါးပေါက်ကနေတဆင့် အခုလို တာဝါထိပ်ကို တက်ရောက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။
ဒီစုံတွဲဟာ ကမ္ဘာလှည့်ပြီး မိုးမျှော်အဆောက်အအုံတွေ တက်လေ့ရှိသူတွေဖြစ်ပြီး သူတို့ ၂ ယောက် အကြောင်းကို ၂၀၂၄ ခုနှစ်ကထွက်ရှိတဲ့ “Skywalkers: A Love Story” မှတ်တမ်းရုပ်ရှင်မှာ ရိုက်ကူးဖော်ပြထားပါတယ်။
အဆောက်အအုံပေါ်မှာရှိနေစဉ် ရဲတပ်ဖွဲ့က “အဲဒီမှာပဲနေပါ၊ ဒီပေါ်တက်ခွင့်မရှိဘူး” လို့ ပြောခဲ့ပြီး နီကိုလူ ကလည်း “အဆင်ပြေပါတယ်” လို့ ပြန်ပြောခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဒီစုံတွဲကို နယူးယောက်ရဲတပ်ဖွဲ့ (NYPD) က ဖမ်းဆီးခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့ကို အဆောက်အအုံ ဖောက်ထွင်းဝင်ရောက်မှု၊ ပေါ့ဆမှုကြောင့် အန္တရာယ်ဖြစ်စေမှု၊ အကျိုးဖျက်ဆီးမှု၊ ပိုင်နက်ကျူးကျော်မှုနဲ့ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမှု စတဲ့ စွဲချက်တွေနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။











