
မကွေးတိုင်း မြိုင်မြို့နယ်အနောက်ပိုင်း ယာကြီးပြင်ကျေးရွာ အနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က ဩဂုတ် ၃ ရက် ညနေမှာ လေကြောင်းကနေ ဗုံးကြဲနေသလို အဆိုပါကျေးရွာအတွင်းမှာ တပ်စွဲနေတဲ့ စစ်ကြောင်းကလည်း အနီးအနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ဘောင့်ဘင်ရွာကို မီးရှို့ပြီး ယာဥ်တန်းနဲ့ထွက်လာတဲ့ စစ်ကြောင်းက ယာကြီးပြင်ရွာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ရွာထဲမှာ ဖြန့်ပြီး တပ်စွဲနေတယ်။ ဒီနေ့မနက်ပိုင်းမှာ အဲဒီရွာထဲကနေ ဘေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာတွေ ရှိတယ်။ ညနေပိုင်း ၅ နာရီခွဲကနေ ၆ နာရီခွဲအတွင်းမှာ ရွာပတ်ဝန်းကျင်ကို Y12 ထောက်ပို့ လေယာဥ်နဲ့ ဗုံး ၁၂ ကြိမ်မှာ အလုံးရေ ၄၄ လုံးလောက် ကြဲသွားတယ်” လို့ ပြောပါတယ်။
အဆိုပါစစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေ့စဥ် တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ် စစ်ကြောင်းဘက်က ထိခိုက်သေဆုံးမှု များပြားနေတာကြောင့် လေကြောင်းကနေ ဆက်တိုက် ပစ်ကူ ပေးနေတာလို့လည်း ဆိုပါတယ်။
စစ်တပ်စစ်ကြောင်းဟာ သြဂုတ် ၃ ရက် ညပိုင်းအထိ ယာကြီးပြင်ကျေးရွာအတွင်းမှာ တပ်စွဲနေပြီး ည ၁၀ နာရီဝန်းကျင်မှာ E20 စစ်ထောက်ပို့လေယာဉ်က ကျေးရွာထဲကို ခဲယမ်းနဲ့ ရိက္ခာထုပ်တွေ ၉ ကြိမ်နီးပါး ချပေးခဲ့တယ်လို့ ဆိုပါတယ်။
အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်းရဲ့ တာဝန်ခံ ဆရာထွေးက “အဲဒီစစ်ကြောင်းက ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က ကန်နက်ရွာ အပါအဝင် တောတိုက်တွေက အိမ် ၃၁ လုံး၊ လက်ခုပ်ပင်ရွာကို ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်ဆက်ရှို့တာက အိမ် ၂၉ လုံး၊ ၁၅ ရက်နေ့မှာတော့ ညောင်ကုန်းရွာက အိမ် ၆ လုံး၊ ကိုင်းတောမရွာက အိမ် ၂ လုံး၊ ထန်းငယ်တောရွာက အိမ် ၄ လုံးတို့ကို မီးရှို့ဖျက်ဆီးသွားကြတယ်။ အဲဒီနောက် ပြီးခဲ့တဲ့လ ၂၂ ရက်နေ့ကနေ သြဂုတ်လ ၁ ရက်နေ့အထိ သင်းမရွာက အိမ် ၄၀ ကျော်နဲ့ အခုလ ၂ ရက်နေ့မှာ ဘောင့်ဘင်ရွာက အိမ်အလုံး ၉၀ ကျော် အပါအဝင် အိမ် ၂၀၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်သွားကြတယ်။ ရွာစဥ်ရွာဆက်က ပြည်သူပိုင်ပစ္စည်းတွေကိုလည်း မတရားခိုးသယ်သွားကြတာ မနည်းပါဘူး” လို့ DVB ကို ပြောပါတယ်။
ယာကြီးပြင်ကျေးရွာအနီးဝန်းကျင်ကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ သြဂုတ် ၃ ရက် ညနေ ၅ နာရီခွဲဝန်းကျင်က စတင်ပြီး Y12 ထောက်ပို့လေယာဥ်နဲ့ ဗုံးတွေကြဲချပြီးတဲ့ နောက်ပိုင်းမှာ လည်း ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်နေတာကြောင့် ထိခိုက်ပျက်စီးတဲ့ အခြေအနေတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။
မြိုင်မြို့နယ်အနောက်ပိုင်းမှာ အဆိုပါစစ်တပ်စစ်ကြောင်းနဲ့ ဆက်လက်စစ်ရေးတင်းမာ နေတာ ကြောင့် ဒေသခံတွေ၊ စစ်ရှောင်ပြည်သူတွေအနေနဲ့ စစ်ကြောင်း အရွှေ့အပြောင်းတွေအပြင် လေကြောင်းအန္တရာယ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို အနီးကပ် စောင့်ကြည့်ပြီး ဘေးကင်းရေးကို အထူးဂရုပြုကြဖို့လည်း ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










