
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က စစ်အာဏာရှင်လက်အောက်ခံ သံရုံးမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာနဲ့ စာအုပ်အသစ် လဲလှယ်တာတွေကို ဩဂုတ် ၁၉ ရက်မှာ ရုတ်တရက် ပြောင်းလိုက်ပြီး နေပြည်တော်ကို လျှောက်လွှာတင်ပြီးမှ ခွင့်ပြုမှ ဆက်လက်လုပ်ဆောင်ပေးမှာ ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတွေဆီကနေ သိရပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားမတူတာတွေကို လျှောက်ထားမှာ နေပြည်တော်ကို လိပ်မူပြီး ခွင့်ပြုစာတင်ဖို့ လိုအပ်တာဖြစ်ကြောင်း သိရပါတယ်။
ဥပမာအားဖြင့် နိုင်ငံကူးလက်မှတ်အမျိုးအစား PV (Passport for Visit) ကနေ PJ( Passport for Job) ၊ PE (Passport for Ed) စတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစား ပြောင်းလဲ လျှောက်ထားတာတွေမှာ နေပြည်တော်ရဲ့ ခွင့်ပြုချက်ရရှိတဲ့အချိန်မှသာ ဘန်ကောက်သံရုံးမှာ ဆက်လက်ဆောင်ရွက်ပေးမှာလို့ သိရပါတယ်။
သံရုံးကို သွားရောက်လျှောက်ထားသူတချို့ရဲ့ ပြောဆိုချက်အရကတော့ နေပြည်တော်ကို လျှောက်လွှာတင်ပြီး ၂ လအကြာ ပြန်လည်လာရောက်စုံစမ်းဖို့ ပြောဆိုတာရှိပေမဲ့ မသေချာတဲ့ အခြေအနေတွေကြောင့်လည်း ထိုင်းရောက် မြန်မာတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။











