
တော်လှန်ထုတ်ကုန်တွေနဲ့ အထွေထွေကုန်စည်တွေကို ရောင်းဝယ်နိုင်မဲ့ အွန်လိုင်းဈေးဝယ် ပလက်ဖောင်းတခုဖြစ်တဲ့ SpringZey E-commerce Marketplace ကို Spring Development Group (SDG) က စတင်ဖွင့်လှစ်လိုက် ပါတယ်။
Spring Development Group (SDG) ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ကို အဓိကထားပြီး ပေါ်ပေါက်လာတဲ့ Blockchain နည်းပညာ အခြေပြု ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းစုတခုလည်း ဖြစ်ပါတယ်။
SpringZey ကတော့ လက်ရှိမှာ website အနေနဲ့ အသုံးပြုနိုင်တာဖြစ်ပြီး မိုဘိုင်းဖုန်းနဲ့ရော ကွန်ပြူတာ PC နဲ့ လပ်တော့တွေမှာပါ အလွယ်တကူ အသုံးပြုနိုင်အောင် စီစဉ်ထားတယ်လို့ Spring Development Group (SDG) က ဆိုပါတယ်။
ငွေပေးချေမှုအပိုင်းကိုတော့ နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) နဲ့ ချိတ်ဆက်ထားပြီး ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ နိုင်ငံတွေက ရောင်းနိုင်၊ ဝယ်နိုင်တယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့ နိုင်ငံဖြတ်ကျော် ဝယ်ယူ၊ ရောင်းချမှု ဝန်ဆောင်မှုတော့ မရရှိသေးဘူးလို့လည်း သိရပါတယ်။ မကြာခင်မှာ ဂျပန်၊ အမေရိကန်နဲ့ ယူကေ နိုင်ငံတွေမှာပါ ဝန်ဆောင်မှုတွေ ချဲ့ထွင်သွားဖို့ ရှိတယ်လို့ လည်း ဆိုပါတယ်။
SpringZey ကို တော်လှန်ရေးထုတ်ကုန် ရောင်းချသူတွေ၊ အွန်လိုင်းအသေးစားလုပ်ငန်းရှင်တွေနဲ့ စွန့်ဦးတီထွင်လိုသူတွေအတွက် ဘေးကင်းလုံခြုံတဲ့ စျေးကွက်တခု ဖြစ်လာစေဖို့ ရည်ရွယ်ထားတယ် လို့လည်း သိရပါတယ်။










