
တရုတ်နိုင်ငံနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့လုပ်ဆောင်တာကနေတဆင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၂ ဆလောက် တိုးတက်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း စစ်အာဏာရှင် မင်းအောင်လှိုင်က ဇွန် ၁၉ ရက်က တရုတ်အခြေစိုက် Phoenix သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နဲ့ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ စီးပွားရေးစင်္ကြံ (CMEC) ကို သုံးပြီး ကုန်သွယ်မှုတွေ မြှင့်တင်သွားမယ်လို့ သူက ဆိုပါတယ်။
တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံတဲ့အခါ ဗီဇာကန့်သတ်ချက်တွေမထားဘဲ One Stop Service နဲ့ လုပ်ပေးနေသလို၊ တရုတ်ယွမ်ငွေကို တိုက်ရိုက်သုံးခွင့်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ယွမ်-ကျပ် တိုက်ရိုက်ပေးချေခွင့်တွေကိုပါ ခွင့်ပြုထားတယ်လို့ စစ်အာဏာရှင်က ဆိုပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသ လုံခြုံရေးအားနည်းနေတာကို ဝန်ခံခဲ့ပြီး အွန်လိုင်းလောင်းကစား (ကျားဖြန့်) ပြဿနာတွေကို ၂ နိုင်ငံ ပူးပေါင်းနှိမ်နင်းနေသလို၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လုံခြုံရေးအတွက် ၂ ဖက် ပူးပေါင်းလုပ်ဆောင်တဲ့ လုံခြုံရေးအဖွဲ့အစည်းကိုပါ ခွင့်ပြုပေးထားတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကနေ GDP ၂ ဆတိုးလာမယ်လို့ မျှော်လင့်နေပေမဲ့ လက်တွေ့ မြန်မာ့စီးပွားရေးအခြေအနေကတော့ ပြောင်းပြန်ဖြစ်နေပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လ အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ GDP ဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ၂ ရာခိုင်နှုန်း ထပ်မံကျဆင်းသွားခဲ့ပြီး၊ ၂၀၂၁ ခုနှစ် ကိုဗစ်မတိုင်ခင် အနေအထားထက် ၁၁ ရာခိုင်နှုန်းလောက်အထိ လျော့ကျနေဆဲ ဖြစ်ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ ပြောဆိုနေပေမဲ့ ကမ္ဘာ့ဘဏ် အစီရင်ခံစာအရ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ဒုတိယနှစ်ဝက်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကတိကဝတ်ပြုမှုတွေဟာ ၅၂ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့သလို၊ လက်တွေ့ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုကလည်း ၁၃ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။
အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုလုပ်ဖို့ ပြောဆိုနေချိန်မှာပဲ မြန်မာ-တရုတ် နယ်စပ်တလျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြတ်တောက်နေပြီး ကုန်စည်စီးဆင်းမှုနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေ ဆိုးဆိုးရွားရွား ထိခိုက်နေတယ်လို့ ကမ္ဘာ့ဘဏ်က ထောက်ပြထားပါတယ်။
စက်မှုလုပ်ငန်းတွေအတွက် အသက်သွေးကြောဖြစ်တဲ့ လျှပ်စစ်မီးရရှိမှုဟာလည်း ဆိုးရွားနေဆဲဖြစ်ပြီး နိုင်ငံခြားငွေ ရှားပါးမှု၊ သွင်းကုန်ကန့်သတ်ချက်တွေနဲ့ စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်မှုတွေကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေဟာ ရပ်တည်ဖို့တောင် ရုန်းကန်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
Photo: MOI










