
ထရမ့်ပ်က စစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းမှုတွေ တိုးတက်နေတယ်လို့ ပြောထားသလို ၁၅ ချက်ပါ အစီအစဉ်ကို အီရန်ကို ချပြထားတယ်လို့ သတင်းထွက်နေပေမဲ့ အစ္စရေးကတော့ မတ် ၂၅ ရက်မှာ တီဟီရန်မြို့ကို ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။
တီဟီရန်မြို့အနှံ့က အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ပွဲအဆုံးသတ်ဖို့ အီရန်ဘက်က မှန်ကန်တဲ့သူတွေနဲ့ ဆွေးနွေးနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိမ်ဖြူတော်မှာ ပြောပါတယ်။
အီရန်က နျူကလီးယားမဟုတ်တဲ့ စွမ်းအင်နဲ့ ဟော်မုဇ်ရေလက်ကြားကိစ္စအတွက် အရေးပါတဲ့ လိုက်လျောမှုတခု လုပ်ခဲ့တယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
“ဒါဟာ ငွေကြေးပမာဏ အများကြီးတန်ဖိုးရှိတဲ့ အရမ်းကြီးမားတဲ့ လက်ဆောင်တခုပါ” လို့ သမ္မတက ပြောပါတယ်။
ဒါပေမဲ့ ဒီလို တိုက်ရိုက်ဆွေးနွေးမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကို အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘေကာ ဂါလီဘက်ဖ်ကတော့ မတ် ၂၃ ရက်မှာ ငြင်းဆိုခဲ့ပါတယ်။
အမေရိကန်က တလကြာ အပစ်အခတ်ရပ်စဲရေးအတွက် အီရန်ကို ၁၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်တခု ပေးပို့ထားတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖ်ကလည်း စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်နဲ့ အီရန်တို့ကြား ဆွေးနွေးပွဲတွေကို လက်ခံကျင်းပပေးဖို့ ဆန္ဒရှိတယ်လို့ မတ် ၂၄ ရက်မှာ ပြောပါတယ်။
ဒါပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်ပြီး အစ္စရေးနဲ့ အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်မှုအသစ်တွေ လုပ်ခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်က ထုတ်ပြန်ထားပါတယ်။










