DVB Logo
Home
မြန်မာသတင်း
ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ အန်အယ်လ်ဒီ ဖွဲ့စည်း
DVB
·
February 10, 2015
ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ အန်အယ်လ်ဒီ ဖွဲ့စည်း
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့  အဖွဲ့ဝင် ၁၉ ဦးပါ  ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီက  ဖေဖော်ဝါရီလ ၉ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။

ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ပါတီနာယက သူရဦးတင်ဦးက ခေါင်းဆောင်ပြီး ဗဟိုအလုပ် အမှုဆောင် ၂ ဦး အပါအ၀င်  ပြည်နယ်နဲ့တိုင်း အသီးသီးက အမာခံ ပါတီဝင်တွေနဲ့ ဖွဲ့စည်းထားတာပါ။

အောင်နိုင်ရေးအဖွဲ့ ဆောင်ရွက်သွားမယ့်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အဖွဲ့ ခေါင်းဆောင် ဦးတင်ဦးက “ဒီမိုကရေစီကိုယုံကြည်တယ်ဆိုရင်တော့ ရွေးကောက်ပွဲ ကတော့ ဖြတ်သန်းရ မှာပေါ့။ ရွေးကောက်ပွဲ ဖြတ်သန်းရမယ့်ဟာကို အစကတည်းက တွက်ထားပြီး ကြိုတင်လုပ်ကိုင်နေတာတွေကတော့ ကြာပြီ။  အခုအခါကျတော့ တိတိကျကျ သတ်သတ်မှတ်မှတ် တာဝန်ပေးသတ်မှတ်ပြီးတော့ စည်းရုံးရေးဆင်းကြမယ်။ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်၊ နောက်ကျနော်တို့ တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင် သူတို့သတ်မှတ်ထားတဲ့ နယ်မြေ တွေမှာ စည်းရုံးကြမယ်။  ကျနော်လည်းမနေပါဘူး လုပ်နိုင်သလောက် တတ်နိုင်သမျှ အားနည်းတဲ့ နေရာတွေမှာ အားပြည့်အောင်ကျနော်လိုက်ပြီးလုပ်မှာပါဘဲ”လို့ ပြောပါတယ်။

Supporters of the NLD party cheer as they watch increasing votes on a screen at the roof of the NLD office in Yangonပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက အမတ်နေရာ ၄၉၂ နေရာမှာ   ၃၉၂ နေရာအပြတ်အသတ် အနိုင်ရခဲ့သလို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာမှာ အန်အယ်လ်ဒီက အမတ်နေရာ ၄၄ နေရာ ၀င်ရွေးချယ်ခံရာမှာ  ၄၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲတွေထက်  ပြိုင်ဆိုင်မှု ပိုပြင်းထန်နိုင်ပေမယ့် အနိုင်ရ မယ်လို့ ယုံကြည်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးကပြောပါတယ်။

“ကျနော့်ကိုမေးကြတယ်။ ဘာလို့ စစ်ထဲကိုဝင်လဲတဲ့၊ကျနော်စစ်ထဲဝင်တာ စစ်တိုက်ပြီး ရန်သူကိုအောင်မြင်အောင် ချေမှုန်းချင်လို့ဝင်တာ။  ကျနော်အဲဒီလိုသန္နိဋ္ဌာန်နဲ့လာတာ၊ အခုလဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘာလို့ထောင်လဲ၊  ဒီမိုကရေစီနဲ့ပတ်သက်တဲ့တိုက်ပွဲကို ကျနော်တို့ အောင်မြင်ရ မယ်၊ အောင်မယ် ဆိုတဲ့စိတ်ဓာတ်နဲ့လုပ်တာ။ ၁၉၉၀ တုန်းကလည်း အောင်မြင်ခဲ့တာပဲ။ ကြားဖြတ် ရွေးကောက်ပွဲမှာတုန်းကလည်း တကယ်တမ်းမှာအောင်မြင်ခဲ့တာပဲ။ အခု  ပြိုင်ဆိုင်မှု ပိုပြီးပြင်း ထန်မယ်။ အရင်လိုတော့တွက်လို့မရဘူး။ ဒါပေမယ့်၂၀၁၅ ကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နှစ်လို့ပဲ သတ်မှတ်ပြီးကြိုးပမ်းလုပ်ကိုင်သွားမှာပဲ။ အောင်မြင် အောင်လုပ်မှာပဲ။ ပါတီထောင် တာ အောင်မြင်ချင်လို့၊  နိုင်ချင်လို့ ပါတီထောင်တာပဲ။ နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်မှာပဲ”လို့ ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီပေါင်း ၇၀ ကျော်ရှိနေပြီး ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီအတွက် အာဏာရ ကြံ့ခိုင်ရေး ပါတီဟာ အဓိကပြိုင်ဖက်ဖြစ်သလို တိုင်းရင်းသား ဒေသတွေမှာလည်း တိုင်းရင်းသားပါတီတွေဟာ အဓိက အကြိတ်အနယ်ယှဉ်ပြိုင်ကြမယ့် ပါတီတွေဖြစ်မယ်လို့  မြန်မာ့နိုင်ငံရေးလေ့လာသူတွေက အကဲ ခတ်ထားကြတာပါ။

ပြည်တွင်းဂျာနယ်တွေမှာဆောင်းပါးတွေရေးသားနေတဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ  ဒေါက်တာ ရန်မျိုးသိန်းကတော့ အန်အယ်လ်ဒီပါတီအနေနဲ့ ပြိုင်ဖက်တွေကို လျော့မတွက်ဖို့ လိုတယ်လို့ပြောပါတယ်။

“ကျနော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ပြည်သူလူထုရဲ့ ထောက်ခံမှုကတော့ အားကောင်းတယ်လို့ ကျနော်ကယုံကြည်တယ်။ ဒါပေမယ့် အဲဒီတစ်ခုထဲအပေါ်ကို အခြေခံပြီးတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက ၁၉၉၀ ရွေးကောက်ပွဲလို ကြားဖြတ် ရွေးကောက်ပွဲလိုမျိုး အပြတ်အသတ် တောင်ပြိုကမ်းပြိုနိုင်မယ်လို့တော့ ကောက်ချက်ဆွဲဖို့ ခက်မယ်လို့ ကျနော်က ထင်တယ်။ အခုကာလအတွင်း ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ အန်အယ်လ်ဒီပါတီအနေနဲ့ စနစ်တကျ ထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုရင် ကျနော့်အမြင် ၆၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိမှုမျိုးဖြစ်လာနိုင်တယ်။ အန်အယ်လ်ဒီပါတီအနေနဲ့ ကိုယ့်ပါတီအပေါ်မှာ ယုံကြည်မှု မလွန်ကဲဖို့ရယ်၊ ပြိုင်ဖက်ပါတီတွေ အပေါ်မှာ လျော့မတွက်ဖို့လည်းအရေးကြီးတယ်လို့ မြင်တယ်” လို့ ပြောပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ဘယ်အချိန်မှာ ကျင်းပမယ်လို့ အစိုးရကရက်အတိအကျ တရား ၀င်ထုတ်ပြန်ကြေညာထားတာမရှိပေမယ့်   လာမယ့် အောက်တိုဘာ(သို့)  နိုဝင်ဘာ လောက်မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောကြားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013