DVB Logo
Home
မြန်မာသတင်း
လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ် ဥပဒေကြမ်းတွင်ထည့်သွင်းရန် အစိုးရ ကတိပြု
DVB
·
February 10, 2015
လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ် ဥပဒေကြမ်းတွင်ထည့်သွင်းရန် အစိုးရ ကတိပြု
Donate to DVB

လေးပွင့်ဆိုင်ဆွေးနွေးပွဲကနေ ရရှိတဲ့ သဘောတူညီချက်တွေကို ပညာရေးဝန်ကြီးဌာနက  လွှတ်တော်ကို တင်ပြမယ့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းမှာ ထည့်သွင်းမယ်လို့ အစိုးရက မနေ့ညက ကြေညာပါတယ်။

ရပ်နားထားတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို မနက်ဖန်မနက်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်း အတွင်း ပြန်စကြဖို့ ပညာရေး ဒု-၀န်ကြီး ဦးသန့်ရှင်းနဲ့ သပိတ်မှောက် ကျောင်းသားတွေ သဘောတူပြီး နာရီပိုင်းအကြာမှာ အစိုးရ သတင်း ထုတ်ပြန်ရေးအဖွဲ့က ကြေညာခဲ့တာပါ။

လေးပွင့်ဆိုင်ထဲမှာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ)နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ ပါဝင်ပါတယ်။

10562977_841046002600568_908153655249181143_nအစိုးရကြေညာချက်နဲ့ပတ်သက်လို့ အန်အန်အီးအာ အဖွဲ့က ဒေါက်တာသိန်းလွင်က “ဆွေးနွေးပွဲမှာ ကျောင်းသား တွေ တောင်းဆိုတဲ့ အချက် (၁၁) ချက် ကို ဆွေးနွေးပြီးတော့ ကျောင်းသားတွေ ကျေနပ် အောင် အားလုံးညိနှိုင်း သဘောတူရမယ်။ ပြီးရင် အဲဒါကို  အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းထဲထည့်တာကိုလည်း လေးဖွဲ့စလုံးက ပူးပေါင်းပြီးတော့ ထည့်မယ်။ အဲဒါကိုမှ  လုပ်ထုံးလုပ်နည်းအရ ပညာရေးဝန်ကြီးဌာနကနေ လွှတ်တော်တင်မှာ” လို့ ပြောပါ တယ်။

ဆန္ဒပြနေတဲ့ ကျောင်းသူ ကျောင်းသားတွေအနေနဲ့လည်း ဇန်န၀ါရီလ ၂၈ ရက်နေ့က လက်မှတ်ရေး ထိုးထားတဲ့ ကတိက၀တ်အတိုင်း ဆန္ဒပြမှုတွေ ရပ်ဆိုင်းဖို့လည်း အစိုးရထုတ်ပြန်ချက်မှာ တိုက်တွန်း ခဲ့ပါတယ်။

အကြို တွေ့ဆုံပွဲရဲ့ သဘောတူညီချက်တွင် ပါရှိသော ဆွေးနွေးပွဲ စတင်တဲ့ ရက်တွင် သပိတ် ရပ်နားမယ်ဆိုတဲ့ အချက်ကို ထောက်ပြပြောဆိုတာလည်း ဖြစ်ပါတယ်။

သပိတ်ရပ်ဆိုင်းဖို့ အစိုးရရဲ့ ပန်ကြားချက်အပေါ် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် မဖြိုးဖြိုးအောင်က ကျောင်းသားသပိတ်ကို ရပ်မှာမဟုတ်ဘဲ ရန်ကုန်အထိ ဆက်လက်ချီတက်မယ်လို့  ပြောပါတယ်။

မဖြိုးဖြိုးအောင်က “ ကျမတို့ ၂၈ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးတုန်းကပုံစံနဲ့ အခု လက်တွေ့ ကြုံ နေရတဲ့ပုံစံက အင်မတန်ကွာခြားပါတယ်။ ဒီအတောအတွင်းမှာ ဆွေးနွေးပွဲတွေ တဖက်သတ် ရပ်ဆိုင်း ခံလိုက်ရတယ်။ သပိတ်ကို ခြိမ်းခြောက်တဲ့ပုံစံအပြင်ကို တခြား နည်းလမ်း မျိုးစုံနဲ့ မိဘတွေကို ဖိအားပေး သော်လည်းကောင်း၊ သပိတ်ကို ဖြိုခွဲဖို့ အစိုးရဖက်က တောက်လျှောက် ကြိုးစား လာနေတယ်။ ဒီလိုအနေ အထားမှာ ကျမတို့က သပိတ်ကို ရပ်တန့်လိုက်မယ်ဆိုရင် ပညာရေး ၄ ပွင့်ဆိုင်ဆွေးနွေးပွဲရဲ့ အဓိက တွန်းအားဖြစ်တဲ့ ပင်မအင်အားတွေကို ကျမတို့ ရပ်တန့် လိုက်သလိုဖြစ်သွားမယ်။ ” လို့ ပြောပါတယ်။

သပိတ်မှောက်စစ်ကြောင်းတွေဟာ ဆွေးနွေးပွဲစတင်တဲ့နေ့က သပိတ်ရပ်နားတဲ့အခါ   တည်းခိုး ရာနေရာ မှာ မနေနိုင်အောင် သက်ဆိုင်ရာက ဖိအားပေးမှု၊ ဆွေးနွေးပွဲစည်းကမ်းချက်မှာ လေးဖွဲ့ အညီအမျှ အခွင့်အရေး ရှိတယ်လို့ သဘောတူပေမယ့် အစိုးရက ဆွးနွေးပွဲကို တဖက်သတ် ဖျက်သိမ်းခဲ့မှု ဖေဖော်ဝါရီ ၃ ရက် က နေပြည်တော်ဆွေးနွေးပွဲအသွားမှာ အမည်မသိ ၀န်ကြီး တဦးရဲ့ ဖိအားကြောင့် ကျောင်းသား ကိုယ်စားလှယ်တွေ တည်းခိုးခန်းမရဘဲ ဖြစ်သလို အိပ်ခဲ့ရ တာတွေ ဖြစ်ပွားခဲ့ပါတယ်။

သပိတ်မှောက်စစ်ကြောင်း ဆက်ရှိနေတာဟာ အစိုးရကိုယ်တိုင် တောင်းဆိုခဲ့တဲ့ ဆွေးနွေးရာမှာ ပါဝင်ကြ မယ့် ကျောင်းသားတွေရဲ့ ကိုယ်စားပြုမှုကို ထုတ်ဖော်ပြသမှုလည်းဖြစ်တယ်လို့ မဖြိုးဖြိုးအောင်က ပြောပါတယ်။

သူက  “အစိုးရကိုယ်တိုင်ပြောခဲ့တယ်။ ကျမတို့ ကိုယ်စားလှယ်တွေက သပိတ်မှောက် ကျောင်းသား တွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အစစ်အမှန်ဖြစ်ရမယ်ဆိုတာ ကျမတို့ကိုယ်စား ကျမတို့ အနေနဲ့ ဆက်လက်ချီ တက်သွားတဲ့ပုံစံနဲ့ ကျမတို့က ထုတ်ဖော်သွားမှာဖြစ်ပါတယ်။ သပိတ်မှောက် စစ်ကြောင်းကတော့ ကျမတို့ လိုချင်တဲ့အတိုင်းတာတခုအထိ မရသရွေ့ ရန်ကုန်ကို ဆက်လက် ချီတက်မှာဖြစ်ပါတယ်။”လို့ ပြောပါတယ်။

မန္တလေးကနေ ရန်ကုန်ကို ချီတက်ခဲ့ကြတဲ့ ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းဟာ လမ်းတလျောက် မှာ ဒေသခံပြည်သူ ထောင်ပေါင်းများစွာရဲ့ နွေးထွေးတဲ့ ကြိုဆို ၀န်းရံမှုနဲ့  မနေ့ညက ပဲခူးတိုင်း ပြည်မြို့ ကို ရောက်ရှိခဲ့ပြီး တခြားနယ်အသီးသီးက ချီတက်လာကြတဲ့ ကျောင်းသား သပိတ် စစ်ကြောင်းတွေနဲ့ ပူပေါင်းဖို့ စောင့်ဆိုင်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013