DVB Logo
Home
မြန်မာသတင်း
မြန်မာများကို မှတ်ပုံတင်ထုတ်ပေးသည့် ထိုင်းဝန်ထမ်းများ တိုင်ကြားခံရ
DVB
·
February 10, 2015
မြန်မာများကို မှတ်ပုံတင်ထုတ်ပေးသည့် ထိုင်းဝန်ထမ်းများ တိုင်ကြားခံရ
1 / 4
Donate to DVB

မြန်မာနိုင်ငံသားတွေကို မှတ်ပုံတင်လုပ်ပေးခဲ့တဲ့ ထိုင်းအစိုးရ၀န်ထမ်း ၁၆ ဦး  ဥပဒေကြောင်းအရ အရေးယူဖို့ တိုင်ကြားခံထားရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဲဒီဝန်ထမ်း ၁၆ ဦးထဲမှာ လက်ထောက်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပါဝင်ပြီး မြန်မာ ၄၂၁ ယောက်ကို မသမာတဲ့နည်းနဲ့ မှတ်ပုံတင် အထောက်အထားတွေ ထုတ်ပေးတာ စစ်ဆေး တွေ့ရှိခဲ့ရတယ်လို့ သတင်းမှာရေးပါတယ်။

ဒီအတွက် အရေးယူပေးဖို့ ကန်ချနပူရီမြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ကန်ချနပူရီရဲစခန်းမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က တိုင်ချက်ဖွင့်ခဲ့တာလို့ ဆိုပါတယ်။

ထုတ်ပေးတဲ့ မှတ်ပုံတင် အထောက်အထားတွေက တောင်ပေါ်သားကတ်နဲ့ အဖြူရောင် ၁၀ နှစ်ခံကတ်ပြားတွေဖြစ်ပါတယ်။

ဂဏန်း ၁၃ လုံးပါ မှတ်ပုံတင် နံပါတ်တခုတည်းကို အနည်းဆုံး လူ ၂ ဦးကနေ ၉ ဦးထိ  ထုတ်ပေးထားသလို အမည်၊ အသက်၊ လိင်အမျိုးအစားနဲ့ ကိုယ်ရေးအချက်အလက်တွေပါ ပြုပြင်ဖြည့်စွက်ထားတာ တွေ့ရှိရတယ်လို့ ကန်ချနပူရီမြို့နယ် အုပ်ချုပ်ရေးမှူး နိုင်းဆဒ်ထား ခူတ့်ဖလာယုဒ်က သက်သေခံ စာရွက်ပေါင်း ၅ ထောင်နဲ့အတူ တိုင်ချက်ဖွင့်ပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ပြည်သူတွေ မှတ်ပုံတင်သက်တမ်းတိုးတာနဲ့ အခြေအနေပြောင်းလဲ တာတွေလုပ်ပေးဖို့  အထူး ၀န်ဆောင်မှုစခန်းတခု ဖွင့်လှစ်ပေးခဲ့တယ်လို့  မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။

အဲဒီဝန်ဆောင်မှုမှာ  ဥပဒေအရ ၁၉၉၁ ခုနှစ်မတိုင်ခင် ထိုင်းနိုင်ငံတွင်း ၀င်ရောက်နေထိုင်သူ အခြေအနေမဲ့ တောင်ပေါ်သားကတ် ရှိသူတွေကို  ထိုင်းနိုင်ငံတွင်း နေရာအတည်တကျရှိ ကတ်အမျိုးအစားကို တိုးမြှင့်ပြောင်းလဲတာ၊  ထိုင်းမှာ မွေးဖွားပြီး  ဘာလက်မှတ်မှ မရှိသူအတွက် ၁၀ နှစ်နေထိုင်ခွင့်ရ ကတ်ပြားတွေ စိစစ်ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မသမာမှု ကာကွယ်တဲ့အနေနဲ့ ၀န်ထမ်းအသစ် လဲလှယ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ လာရောက်လဲလှယ် သက်တမ်းတိုးသူ ပြည်သူတွေမှာ ကိုယ်ပိုင်နံပါတ် ၁၃ လုံး ထပ်နေတာတွေ တွေ့ရှိရတယ်လို့ မြို့နယ်မှူးက ပြောပါတယ်။

အဆိုပါ ပြဿ     နာတွေ တွေ့ရှိပြီးတဲ့နောက် ကော်မတီတရပ်ဖွဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ရာမှာ မြန်မာ ၄၂၁ ဦးကို မသမာတဲ့ နည်းနဲ့ တောင်ပေါ်သားကတ်၊ ၁၀ နှစ် နေထိုင်ခွင့်ကတ်တွေ ထုတ်ပေးတာ တွေ့ရှိရကြောင်း၊ ၀န်ဆောင်ခအနေနဲ့ ၁ ဦးကို ဘတ်ငွေ ၂၅၀၀၀ ကနေ ၃၀၀၀၀ အထိကောက်ပြီး စုစုပေါင်း ဘတ်ငွေ ၁၀ သန်းလောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီမသမာမှုလုပ်ငန်းစဉ်မှာ ကန်ချနပူရီခရိုင် ဆိုင်းယုဒ်မြို့နယ်၊ တိမ်ကန်နန်းပုတ်မြို့နယ်၊ ဖနုမ်းထွန်း မြို့နယ်နဲ့ ဘော်ဖလွဲ မြို့နယ်က လက်ထောက်မြို့နယ်မှူး  ၄ ဦး၊ မှတ်ပုံတင်ဝန်ထမ်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အရပ်သားပွဲစားတွေပါ စုစုပေါင်း ၁၆ ဦး ပါဝင်ပတ်သက်နေတယ်လို့ မြို့နယ်မှူးက ပြောပါတယ်။

ဒီအမှုကို ကန်ချနပူရီခရိုင် အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က ကိုင်တွယ်ပြီး တိုင်းတန်းခံရသူတွေအပြင် ပြည်ထဲရေး ၀န်ကြီးဌာန ဗဟိုအမျိုးသားမှတ်ပုံတင်ဌာနထိပါ စစ်ဆေးစုံစမ်းသွားမယ်လို့ မန်နေဂျာအွန်လိုင်းထိုင်း သတင်းမှာ ဖော်ပြသွားပါတယ်။

[gallery ids="80781,80782,80783,80784"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013