DVB Logo
Home
မြန်မာသတင်း
ဖေဖော်ဝါရီ ၁၁ရက် ၄ပွင့်ပြန်ဆိုင်ရန် သဘောတူ
DVB
·
February 10, 2015
ဖေဖော်ဝါရီ ၁၁ရက် ၄ပွင့်ပြန်ဆိုင်ရန် သဘောတူ
Donate to DVB

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းခန်းမမှာ ပြန်လည်စတင်ဖို့ အစိုးရနဲ့ ကိုယ်စားလှယ်တွေ သဘောတူညီကြပါတယ်။

တပွင့်ကို ကိုယ်စားလှယ် ၂၀ ဦးစီနဲ့ ဆွေးနွေးသွားမှာ ဖြစ်သလို ဒီဆွေးနွေးပွဲ ပြန်စတင်နိုင်ဖို့ ပညာရေး ဒုဝန်ကြီး ဦးသန့်ရှင်း၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ)နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ ဖေဖော်ဝါရီ ၉ ရက်နေ့က အကြိုညှိနှိုင်းဆွေးနွေး သဘောတူညီခဲ့တာပါ။

Minister of Education 3ဆွေးနွေးပွဲမှာ ပါဝင်သူ ကျောင်းသားကိုယ်စားလှယ် ကိုအောင်မှိုင်းဆန်းက “ဒီကနေ့ဆွေးနွေးပွဲရဲ့ အဓိကအချက်က ရပ်နားထားတဲ့ လေးပွင့် ဆိုင်ဆွေးနွေးပွဲကို ဘယ်အချိန်မှာ ပြန်လည် စတင်မလဲ။ ဘယ်လိုပုံစံဆွေးနွေးကြမယ် ဆိုတာကို ဆွေးနွေးတယ်၊ ဆွေးနွေးမယ့်ရက်ကို သတ်မှတ်နိုင်တယ်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက်ကိုးနာရီခွဲ မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ခန်းမမှာ ဆွေးနွေးပွဲကို ပြန်စမယ်။ တက်ရောက်မယ့်ကိုယ်စားလှယ်က တဖွဲ့ကို ၂၀ စီတက်ဖို့ ကျနော်တို့ သဘောတူခဲ့ကြတယ်။  နောက်တခုက အစည်းအဝေးမှာ Moderator (ထိန်းကြောင်းသူ) ကို အစိုးရနဲ့ လွှတ်တော်ဘက်က တဦးထားမယ်။ အန်အန်အီးအာ နဲ့ ကျောင်းသားကိုယ်စားလှယ်တွေဘက်က နှစ်ခုပေါင်းကလည်း Moderator ၁ ဦးထားမယ်။ မီဒီယာတွေက အဖွင့်အမှာစကားပြောချိန်မှာ ၀င်ခွင့်ရပြီးတော့ အသေးစိတ်ဆွေးနွေးတဲ့အခါ မီဒီယာတွေကို အပြင်ထွက်ခိုင်းပြီးတော့ ဆွေးနွေးပွဲပြီးတဲ့အခါ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ ပြန်ဝင်ခွင့်ပေးမယ်။ အဲလိုပုံစံလေး သဘောတူထားတယ်” လို့ပြောပါတယ်။

ပညာရေး ဒုဝန်ကြီး ဦးသန့်ရှင်းရဲ့ ဖိတ်ကြားချက်အရ ရန်ကုန်မြို့ အဆင့်မြင့်ပညာဦးစီးဌာနရုံးမှာ  တွေ့ဆုံညှိနှိုင်းခဲ့ကြတာပါ။

ဆွေးနွေးပွဲမှာ အန်အန်အီးအာက ဒေါက်တာသိန်းလွင်နဲ့ ဦးစိုးထွန်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) က ကိုအောင်မှိုင်းဆန်း၊  ဗကသ (မြေလတ်) က ကိုချစ်ဝင်းမောင်၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသ) က ကိုရဲဇာနည်ထွန်းတို့ တက်ရောက်ဆွေးနွေးပါတယ်။

အမျိုးသားပညာရေးပြုပြင်ပြောင်းလဲရေးအတွက် သပိတ်မှောက် ကျောင်းသားစစ်ကြောင်းတွေဟာ မန္တလေး-ရန်ကုန် လမ်းတလျှောက်၊  မော်လမြိုင်၊ မြိတ်၊ ဧရာဝတီ စတဲ့ စစ်ကြောင်းတွေ ချီတက်တောင်းဆိုနေကြပြီး ပြည်သူတွေရဲ့ ၀န်းရံ ထောက်ခံမှု တိုးမြှင့်ရရှိနေပါတယ်။

ဒီတကြိမ်ဟာ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ နောက်ပိုင်း အစိုးရဘက်က တဖက်သတ်ရွှေ့ဆိုင်း အပြီးမှာ ကျောင်းသားသပိတ်တိုက်ပွဲတွေ ကြီးမားကျယ်ပြန့်လာပြီးတဲ့နောက်  လေးပွင့်ဆိုင်ဆွေးနွေးပွဲအတွက် ဒုတိယအကြိမ် ညှိနှိုင်းပွဲဖြစ်ပါတယ်။  ပထမတကြိမ်တုန်းက ပညာရေးဒုဝန်ကြီး ဦးသန့်ရှင်းနဲ့ အန်အန်အီးအာ ပညာရေးကွန်ရက်တို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ဖိတ်ကြားဆွေးနွေးခဲ့သေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013