ရုရှားစီးပွားရေးကို ထိခိုက်အောင် ရန်သူတွေက ကြိုးပမ်းနေပေမဲ့ ရုရှားရဲ့ စွမ်းအင်စနစ်က ကမ္ဘာပေါ်မှာ အခိုင်မာဆုံးတွေထဲက တခုဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇူလိုင် ၈ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံဟာ ဗုဒ္ဓဟူးနေ့မှာ ဒီဇယ်တင်ပို့မှုကို ပိတ်ခဲ့ပြီး ဓာတ်ဆီနဲ့ ဒီဇယ်ဖြန့်ဖြူးရေး ပြဿနာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းဖို့ အစီအမံတွေရဲ့ တစိတ်တပိုင်းအဖြစ် ဇူလိုင်လမှာ လောင်စာတွေစပြီး တင်သွင်းတော့မှာပါ။
ရုရှားနိုင်ငံက ရေနံချက်စက်ရုံတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ စနစ်တကျ တိုက်ခိုက်နေလို့ ဒေသတချို့မှာ လောင်စာဆီ ပြတ်လပ်နေပြီး ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။
ပြည်တွင်းလောင်စာဈေးကွက်ကို ပံ့ပိုးဖို့ အစီအမံ အများအပြားရဲ့ တစိတ်တပိုင်းအဖြစ် ဇူလိုင် ၈ ရက်မှာ ဒီဇယ်တင်ပို့မှုကို ပိတ်ပင်ခဲ့ပါတယ်။
ရုရှားစွမ်းအင် အခြေခံအဆောက်အအုံတွေအပေါ် ယူကရိန်းက လေကြောင်းကနေ တိုက်ခိုက်တာတွေ ပိုပြင်းထန်လာလို့ ဒီဇယ်နဲ့ ဓာတ်ဆီထောက်ပံ့မှုတွေ လျော့ကျလာတဲ့အတွက် ဒေသအမြောက်အမြားမှာ ယာဉ်မောင်းတွေက လောင်စာဆီ ဖြည့်ဖို့ နာရီပေါင်းများစွာကြာအောင် တန်းစီနေရပါတယ်။
ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒားနိုဗက်က လောင်စာဆီ အခြေအနေဟာ ရှုပ်ထွေးနေဆဲဖြစ်ပြီး “လောင်စာဆီဆိုင်တွေမှာ လက်ရှိအခြေအနေက ပြည်သူလူထုကြား စိုးရိမ်ပူပန်မှုကို ဖြစ်စေတာ ထင်ရှားတယ်”လို့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ အစိုးရအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
အစိုးရက ပိတ်ပင်မှုက ဇူလိုင် ၃၁ ရက်အထိ အကျုံးဝင်မယ်လို့လည်း ပြောပါတယ်။
ရုရှားက ပို့ကုန်တွေကို ပိတ်ပင်ပြီးတဲ့နောက် ဥရောပဒီဇယ်ဆီ အမြတ်အစွန်းဟာ တစည်ကို ဒေါ်လာ ၆၀ ဒသမ ၁၇ အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
ရုရှားရဲ့ ပင်လယ်ရေကြောင်း ဒီဇယ်နဲ့ ဓာတ်ဆီတင်ပို့မှုက ဇွန်လမှာ ကျဆင်းခဲ့ပြီး အရင်လထက် ၃၉ ရာခိုင်နှုန်းကျဆင်းခဲ့တာပါ။
မက်ထရစ်တန်ချိန် ၁ဒသမ၈ သန်းလောက်သာ ရှိခဲ့ပြီး လွန်ခဲ့တဲ့ တနှစ်က အလားတူကာလနဲ့ ယှဉ်ရင် တန်ချိန် ၃ ဒသမ ၃၅ သန်းကနေ ၄၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။










