
စစ်အာဏာရှင် ခန့်အပ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့် နေရာမှာ ဗိုလ်မှူးကြီး ကျော်ကျော်ဦးနဲ့ အစားထိုးဖို့အတွက် နိုဝင်ဘာ ၆ ရက် တိုင်းလွှတ်တော်အစည်းအဝေးမှာ ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းလိုက် ပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် တာဝန်ပေး ခံထားရတဲ့ ဗိုလ်မှူးကြီး ဝင်းတင့်ဟာ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့တဲ့ စစ်အာဏာရှင်လက်အောက်ခံ တိုင်းအစိုးရအဖွဲ့သက်တမ်း ၆ လနီးပါး အကြာမှာ အခုလို ဖယ်ရှားခံလိုက်ရတာပါ။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး၊ ရုံးအဖွဲ့ဝင် တယောက်က "စစ်ရုံးက အစားထိုးတာ ဖြစ်လို့ ဘယ်လို ရည်ရွယ်ချက်ကြောင့်ဆိုတာ မသိရပါဘူး။ သူ့လက်ထက် စွမ်းဆောင်ရည် ထောက်ပြချက် ရှိတယ် လို့တော့ ပြောသံ ကြားရပါတယ်" လို့ ပြောပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်က ဗိုလ်မှူးကြီး ကျော်ကျော်ဦးကို နာမည်စာရင်း ပေးပို့ခဲ့တာဖြစ်ပြီး လွှတ်တော်မှာ ကန့်ကွက်သူ မရှိတာကြောင့် ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အသစ် ဖြစ်လာခဲ့ပါတယ်။
ဗိုလ်မှူးကြီး ဝင်းတင့်ကို ရာထူးက ဖယ်ရှားခဲ့ပေမဲ့ အရပ်ဘက်ကို ပြောင်းရွှေ့မှာလား၊ စစ်ဘက် မူလတာဝန် ပြန်ပေးမှာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သူလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး တာဝန်ယူခဲ့တဲ့ ၆ နှစ်ကျော် ကာလအတွင်း ရန်ကုန်မြို့အတွင်း ဓားပြတိုက်မှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှုနဲ့ လုယက်မှုတွေ အများအပြား ဖြစ်ပွားခဲ့သလို၊ မူးယစ်ဆေးဝါး၊ ကျားဖျန့်နဲ့ ဒုစရိုက်မှုတွေ ပေါများတဲ့ အခြေအနေ ဖြစ်ခဲ့တာကြောင့် ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။











