
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သြဂုတ် ၁၇ ရက် ညပိုင်းက စတင်ပြီး ဒါးကချောင်း ရေမြင့်တက်လာကာ ရေကြီးရေလျှံလို့ ဒေသခံ ၁,၃၀၀ ကျော်ကို အရေးပေါ် ပြောင်းရွှေ့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ကျုံပျော်မြို့နယ်ထဲက ရေဝင်နစ်မြုပ်နေတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေထဲက ဒေသခံ အရပ်သား အယောက် ၁,၃၀၀ ကျော်ကို သြဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ အရေးပေါ် ပြောင်းရွှေ့ခဲ့ရပြီး အခြေခံပညာကျောင်း ၆ ကျောင်းကိုလည်း ပိတ်လိုက်ရတယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးသူက “မိုးရက်ဆက် ရွာတာကြောင့် ဒါးကချောင်းရေ တက်လာတာ။ ရေတရိပ်ရိပ် တက်နေတယ်။ ဆက်နေလို့ အဆင်မပြေတဲ့ အိမ်တွေက ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရတာ” လို့ ပြောပါတယ်။
ကျုံပျော်မြို့နယ်ထဲက ရပ်ကွက် ၂ ခု၊ ကျေးရွာ ၁၀ ရွာက ရေဝင်နစ်မြုပ်နေတဲ့ နေအိမ်တွေထဲက ဒေသခံ အရပ်သားတွေကို မီးသတ်တပ်ဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရေဘေးလွတ်တဲ့ နေရာတွေကို ပြောင်းရွှေ့ပေးခဲ့တာလို့ သိရပါတယ်။
ပညာရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတယောက်က “ရေတွေ ဝင်လာတာကြောင့် စာသင်ကျောင်းတွေ ပိတ်လိုက်တာ။ ရေက တရိပ်ရိပ်တက်လာတာ။ မိုးဒဏ်ကြောင့် ရေတိုးနေတာ။ ရေဘေးအန္တရာယ်နဲ့ မြွေအန္တရာယ် ရှိတာကြောင့် ပိတ်တာ” လို့ ပြောပါတယ်။
လက်ရှိ ရေဘေးသင့် လူအယောက် ၁,၃၀၀ ကျော်ကို မင်္ဂလာဝါးကျောင်း၊ ခဲဘောင်ဘုန်းတော်ကြီးကျောင်း၊ မြတ်ချမ်းသာဘုရားတန်ဆောင်း၊ အောင်မင်္ဂလာတပ်ဦးကျောင်း၊ စိတ္တသုခဓမ္မရုံ၊ မြို့နယ်အားကစားရုံ စတဲ့နေရာတွေမှာ ပြောင်းရွှေ့နေထိုင်နေတယ်လို့ သိရပါတယ်။
ကျုံပျော်မြို့နယ်မှာ လတ်တလောအနေနဲ့ ရေကြီးနစ်မြုပ်မှု ဖြစ်လာတဲ့ ဒေသတွေထဲက ပိတ်ခဲ့ရတဲ့ အခြေခံပညာကျောင်း ၆ ကျောင်းဟာ မူလွန်ကျောင်းတကျောင်း၊ အလယ်တန်းကျောင်း တကျောင်းနဲ့ မူလတန်းကျောင်း ၄ ကျောင်း ဖြစ်ပါတယ်။
ရေဘေးလွတ်တဲ့ နေရာတွေကို ပြောင်းရွှေ့နေရတဲ့ ဒေသခံတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေထိုင်စားသောက်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











