
ကျူးဘားနိုင်ငံကို သိမ်းပိုက်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေကို ကျူးဘားသမ္မတ မီဂွဲလ် ဒီးယက်စ် ကာနဲလ်က ရှုတ်ချလိုက်ပြီး နိုင်ငံတော်အချုပ်အခြာအာဏာကို ကာကွယ်ကြဖို့ တောင်းဆိုလိုက် ပါတယ်။
နိုင်ငံအနောက်ပိုင်း ပီနားဒဲလ်ရီယိုပြည်နယ်မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပြောကြားခဲ့တာပါ။
အခမ်းအနားအတွင်းမှာ ကျူဘားသမ္မတက အမေရိကန်ဟာ ပြည်သူတရပ်လုံးကို အသက်ရှူကျပ် အောင်လုပ်ပြီး နိုင်ငံကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။
ကျူးဘားသမ္မတ မီဂွဲလ် ဒီးယက်စ် ကာနဲလ်က“ရက်စက်တဲ့ ဖိနှိပ်သူတွေရန်ကနေ ကျူးဘားကို ကာကွယ်တာဟာ စောင့်ဆိုင်းနေလို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ကျူးဘားကို ကာကွယ်တာဟာ ၂၁ ရာစု ကိုလိုနီစနစ်၊ အစိုးရတဖွဲ့တည်း စိုးမိုးမှုနဲ့ တိုင်းပြည်တခုတည်းက ကျန်သူတွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ချင်တဲ့ အနိုင်ကျင့်မှုတွေကို တွန်းလှန်တာပါ” လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောပါတယ်။
လွန်ခဲ့တဲ့ ဇန်နဝါရီလကတည်းက ဒေါ်နယ်ထရမ့်ပ် အစိုးရဟာ အပြင်းထန်ဆုံး ဖိအားပေး မူဝါဒတွေ ကို ကျင့်သုံးခဲ့တာကြောင့် ဟာဗားနားအပေါ် နှစ် ၆၀ ကျော်ကြာ စည်းကြပ်ထားတဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေး ပိတ်ဆို့မှုတွေ ပိုပြင်းထန်လာတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
အခမ်းအနား တက်ရောက်လာတဲ့ ဒေသခံ ဂျိုးဇေး ဒီးယက်စ်ကလည်း အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ကို ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“အမေရိကန်အစိုးရက အရေးယူမှုမှန်သမျှ ပိုတိုးလုပ်နေတာဟာ မတရားပါဘူး။ ကျူးဘားပြည်သူ တွေက ဘယ်သူ့ကိုမှ သွားမတိုက်ခိုက်သလို ဘယ်သူ့ကိစ္စမှလည်း ဝင်မစွက်ဖက်ပါဘူး။ သူတို့က အသက်ရှူကျပ်အောင် လုပ်ထားပေမဲ့ ကျနော်တို့ ဘယ်တော့မှ လက်မမြှောက်ပါဘူး။”
ဒါ့အပြင် တနင်္ဂနွေနေ့ဟာ မွန်ကာဒါနဲ့ ကားလို့စ် မာနူရယ် ဒီဆက်စပီးဒက်စ် စစ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ၇၃ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သလို ကျူးဘားတော်လှန်ရေး ခေါင်းဆောင် ဖီဒယ်လ်ကက်စ်ထရိုရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့လည်း ဖြစ်ပါတယ်။
၁၉၅၃ ခုနှစ် ဇူလိုင် ၂၆ ရက်က ဖီဒယ်ကက်စ်ထရို ဦးဆောင်တဲ့ လူငယ်အဖွဲ့ဟာ စန်တီယာဂို ဒီ ကူးဗားရှိ မွန်ကာဒါစစ်စခန်းနဲ့ ဘာယာမိုမြို့ရှိ ကားလို့စ် မာနူရယ် စစ်စခန်းတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ စစ်ရေးလှုပ်ရှားမှုတွေ မအောင်မြင်ခဲ့ပေမဲ့ ၁၉၅၉ မှာ ဖြုတ်ချခံလိုက်ရတဲ့ ဘာတစ္စတာ အာဏာရှင်စနစ်ကို စတင်တွန်းလှန်ခဲ့တာလို့ သတ်မှတ်ကြပါတယ်။
Source: Reuters










