အင်ဒိုနီးရှားနိုင်ငံက တောမီးတွေကနေ နိုင်ငံဖြတ်ကျော် ရွေ့လျားလာတဲ့ မီးခိုးတွေက အိမ်နီးချင်း စင်ကာပူနိုင်ငံရဲ့ လေထုအရည်အသွေးကို မကျန်းမမာ ဖြစ်စေတဲ့အဆင့်ထိ ရောက်အောင် တွန်းပို့နေလို့ စက်တင်ဘာ ၁၄ ရက်က စင်ကာပူနိုင်ငံရဲ့ မိုးမျှော်တိုက်တန်းတွေမှာ မီးခိုးမြူတွေ ဖုံးလွှမ်းနေတာကို တွေ့ရပါတယ်။
ဆွစ် လေထုအရည်အသွေး စောင့်ကြည့်ရေးအဖွဲ့ IQAir ရဲ့ စစ်ဆေးချက်အရ ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ လေထုအရည်အသွေး ညွှန်းကိန်းက ၁၈၁ မှာ ရှိနေပြီး မကျန်းမာစေတဲ့ အဆင့်မှာ ရှိနေတာပါ။
လေစီးကြောင်းတွေက အင်ဒိုနီးရှားနိုင်ငံက သစ်တောနဲ့ သစ်ဆွေးမြေတွေ မီးလောင်ရာကနေ ထွက်လာတဲ့ မီးခိုးတွေကို စူမားတြားကနေ မလေးရှား ကျွန်းဆွယ်ကတဆင့် စင်ကာပူဆီ သယ်ဆောင်တိုက်ခတ်နေလို့ အရှေ့တောင်အာရှတလွှားမှာ လေထုအရည်အသွေး ညံ့ဖျင်းနေပါတယ်။
ဘော်နီယိုနဲ့ စူမားတြားကျွန်းတွေပေါ်က အထိခိုက်ဆုံး ပြည်နယ်တွေမှာ အန္တရာယ်ကြီးတဲ့ မီးခိုးတွေ အူတက်နေလို့ အင်ဒိုနီးရှား မြေမျက်နှာသွင်ပြင်တလျှောက်က တောမီးတွေနဲ့ သစ်ဆွေးမြေတွေ တကြောမှာ တောမီးတွေ လောင်ကျွမ်းနေပါတယ်။
စူပါ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် အပူချိန်တိုးပြီး မိုးခေါင်နေလို့ ဒီနှစ် တောမီးရာသီဟာ ၁၁ နှစ်အတွင်း အပြင်းထန်ဆုံး ဖြစ်ခဲ့ပါတယ်။
အင်ဒိုနီးရှား တောမီးကနေ ထုတ်လွှတ်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေဟာလည်း ကမ္ဘာ့စုစုပေါင်းရဲ့ တတိယအများဆုံး ဖြစ်ခဲ့ပါတယ်။
Source: Reuters











