DVB Logo
Home
Lead Story
သူတို့ တအားရန်ဖြစ်တယ်၊ ငါတို့ကြောက်တယ်လို့ ကချင်မကြီးကပြောတယ်- ဦးမင်းကိုနိုင်
DVB
·
February 7, 2015
သူတို့ တအားရန်ဖြစ်တယ်၊ ငါတို့ကြောက်တယ်လို့ ကချင်မကြီးကပြောတယ်- ဦးမင်းကိုနိုင်
1 / 18
Donate to DVB

ဦးမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဟာ ကချင်ပြည်နယ် ဖားကန့်မြိုနယ်မှာ တိုက်ပွဲတွေအကြား ပိတ်မိနေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို မြစ်ကြီးနားဒေသခံတွေနဲ့ နိုင်ငံတ၀န်းက လှူဒါန်းတဲ့ ဆေးဝါးနဲ့ အစားအသောက်ပစ္စည်းတွေကို သွားရောက်ကူညီပေးခဲ့ကြပါတယ်။

သူတို့ရဲ့ ခရီးစဉ်အတွင်း ဒုက္ခသည်တွေ ထောင်ချီပြီး ပိတ်မိနေတယ်ဆိုတဲ့ အောင်ဘာလေရွာနဲ့ ကံစီးရွာက ဒုက္ခသည်တွေကိုလည်း သွားရောက် ထောက်ပံ့ကူညီခဲ့ကြပါတယ်။

ဒုက္ခသည်တွေဟာ နေရာအနှံ့ ပြန့်ကျဲနေပြီး ထောင်နဲ့ချီတဲ့ အရေအတွက်ရှိကြောင်း၊ ဒုကသည်အများစုဟာ အိမ်ပြန်ချင်နေကြပြီး တိုက်ပွဲတွေကြောင့် မပြန်နိုင်ဖြစ်နေကြတယ်လို့လည်း ဦးမင်းကိုနိုင်က ပြောပါတယ်။

ဦးမင်းကိုနိုင်တို့အဖွဲ့ ဖေဖော်ဝါရီ ၇ ရက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ပြန်ရောက်နေတုန်း ဒီဗွီဘီဝိုင်းတော်သား ဦးရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးမင်းကိုနိုင်တို့ အောင်ဘာလေတို့ ကံဆီးတို့ ရောက်ခဲ့တယ်ကြားတယ်။ ကျနော်တို့ တလောက ကြားတာ အဲ့ဒီရွာတွေမှာ ဒုကသည်တွေ ထောင်နဲ့ချီပိတ်မိနေတယ်တို့ ကြားလို့ အခု ဘယ်လို မြင်တွေ့ခဲ့ရသလဲ။

“လူတွေက ပြန့်ကျဲသွားတယ်ဗျ။ အခု ပြန်စုလို့ရအောင်တော့ အကူအညီပေးခဲ့တယ်။ အောင်ဘာလေမှာ အင်မတန်နည်းပါတယ်။ ကံဆီးမှာ များတယ်ဗျ။ တချို့တွေက စခန်းတွေမှာ မရှိဘဲ ပြန့်ကျဲထွက်သွားတယ်ဗျ။ ကျနော်တို့က အားလုံးကိုတော့ ကိုယ်ထိလက်ရောက် ကူညီပေးခဲ့ကြပါတယ်။ ကံစီးမှာ လေးငါးရာလောက်ရှိတယ်ဗျ။ တချို့တွေက ဖားကန့်နားက လုံးခင်းဘက်ကို ရောက်ကုန်ကြပြီဗျ။ မရှိဘူးဆိုရင် ပျမ်းမျှ ထောင်ဂဏန်းလောက်တော့ ရှိနိုင်တာပေါ့။ ဒါပေမယ့် တယောက်ချင်းလိုက်ကောက် ရေရတာတော့ ခက်တာပေါ့။ စခန်းတွေရောက်တဲ့သူ ရှိတယ်။ အိမ်တွေယာတွေ စွန့်သွားတဲ့သူကတော့ အများဆုံးပါပဲ။"

အဲ့ဒီစခန်းတွေမှာ ရှိနေတဲ့ ဒေသခံတွေ အခြေအနေ ဘယ်လို တွေ့မြင်ခဲ့ရလဲ။

“သူတို့ကတော့ဗျာ ကိုယ့်အိမ်ရာ ကိုယ်ပြန်ချင်တယ်။ ကိုယ့်တောင်ယာ ကိုယ်ပြန်ချင်ကြတယ်။ သူများကျွေးတာ ဘယ်စားချင်မလဲ၊ ဒါကတော့ ကျနော်တို့ စိတ်ထဲလည်း ဒီတိုင်းပါပဲ။ တခု ခက်နေတာက အဲ့ဒီမှာ စစ်ပွဲတွေ မဟုတ်ပေမယ့် တိုက်ပွဲတွေက မရပ်သေးဘူးဗျ။ ကျနော်တို့ရောက်တဲ့အချိန်တော့ ရပ်သွားတာပေါ့ဗျာ။ အာမခံချက် မရှိဘူးပေါ့ဗျာ။ သူတို့ ပြန်သွားဖို့က၊ အလုပ်လည်း လုပ်စရာမရှိဘူး သူတို့မှာ ပြည်တွင်းစစ် မြန်မြန်ရပ်ပြီး ငြိမ်းချမ်းရေး မြန်မြန်ရတော့မှပဲဖြစ်မယ်။ ကျနော်တို့လည်း ဒီလိုကြီး သွားသွားလှူနေရတဲ့ဘ၀မျိုးကြီး မကြုံချင်တော့ပါဘူး။ သူတို့တွေလည်း သူတို့ကို အဲ့လိုသူများ လှူမှ စားရတဲ့အခက်အခဲမျိုး မကြုံချင်ကြတော့ပါဘူး။ ကျနော် စိုးရိမ်တာတခုက လက်ရှိအခြေအနေအတိုင်း တင်းမာနေမယ်ဆိုရင် သူများပို့မှ စားရတဲ့အခြေအနေမျိုးက ရေရှည်တော့ မကောင်းဘူးဗျ။ နို့မို့ဆို ငတ်ပြီးတော့ ဒုက္ခ ရောက်ကြလိမ့်မယ်။ အဲ့ဒါမျိုးတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ အဲ့ဒီအတွက် နှစ်ဘက်စလုံးက စဉ်းစားဖို့ ကောင်းတာပေါ့။ အဲ့ဒီစခန်းတွေမှာ ကလေးတွေရော၊ စာသင်လက်စ ကျောင်းပိတ်လိုက်ရတဲ့ ဆရာမတွေရော တော်တော်စိတ်မကောင်းဖြစ်နေကြတာပေါ့ဗျာ။ သူတို့လည်း သူတို့ ပြုစုပျိုးထောင်ထားတဲ့ ပညာရေးပျက်သွားမှာကို တအား ကြောက်ကျတာပေါ့။ ရှိသမျှ ဘုရားကျောင်းတွေ အကုန်လုံးက ဒုကသည်စခန်းတွေ ဖြစ်ခဲ့တယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတွေလည်း မနေရပါဘူး၊ ကူညီကြ စောင့်ရှောက်ကြရတာပါပဲ၊ နောက်ဆုံးကျတော့ အကုန်လုံး ၀ိုင်းလုပ်နေကြရတာ။”

အစိုးရဘက်ကလည်း ကေအိုင်အေက နယ်မြေချဲ့ဖို့ တိုက်လာလို့ ပြန်တိုက်ရတယ်ပြောတေယ်။ ကေအိုင်အေကလည်း သူတို့ စခန်းတွေ သိမ်းချင်လို့ ရဲ သုံးယောက်ဖမ်းတာ အကြောင်းပြပြီး တိုက်တယ်ပြောနေတယ်။ ဒေသခံတွေက ဘာပြောကြတုန်းဗျ။

“ဒေသခံတွေက ဘာမှ မပြောရဲကြဘူးဗျ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘာက အဖြေပေါ်နေပြီလဲဆိုတော့ အပစ်အခတ်ရပ်စဲရေးလုပ်မယ်ဆိုရင် စောင့်ကြည့်ပြီး ထိမ်းကွပ်ပေးနိုင်မယ့် monitery မရှိဘဲနဲ့ ဘာ အပစ်အခတ်ရပ်စဲရေးကမှ အဓပ္ပာယ် မရှိဘူးဆိုတာ အဖြေထွက်သွားတာပေါ့။ ကျနော်တို့တတွေက ပြဿ  နာရဲ့ အရင်းအမြစ်ကို မဖြတ်နိုင်သေးတော့ အကျိုးဆက်တွေကိုပဲ လိုက်ကုနေရတာဗျာ။ အဲ့ဒါ ကျနော်လည်း မလုပ်ချင်ဘူး။ ဘယ်သူ့ကိုမှလည်း မခံစားစေချင်ဘူး။ ကျနော်တို့ အရင်းအမြစ်ကို ဖြတ်ချင်တယ်။ အရင်းအမြစ်က ကျနော်တို့ တိုင်းပြည်ထဲမှာ စေ့စပ်ဆွေးနွေးပြီးတော့ အဖြထွက်တဲ့ထိ ကြိုးစားသင့်တယ်။ မဟုတ်ရင် နောက်တခါ စစ်တွေတိုက်လိုက်နဲ့ မပြီးတော့ဘူး။ အဲ့ဒီက ကချင်မကြီးတယောက်ပြောတာ နားထဲက မထွက်ပါဘူး၊ ငါ ပြန်ချင်တယ်ဟာတဲ့၊ ကလေးတွေလည်း ပျောက်နေတယ်၊ သူတို့ကလည်း တအားရန်ဖြစ်တယ်၊ ခဏခဏ ရန်ဖြစ်တယ်၊ ငါတို့လည်း ကြောက်တယ်တဲ့၊ အခုအခြေအနေရောက်တယ်ပေါ့။ သူများကျွေးတာလည်း ငါ မစားချင်ဘူးတဲ့။ ဒါ တော်တော်ကိုပေါ်လွင်နေပါပြီ၊ ကိုယ်ချင်းလဲစာပါတယ်။ ကျနော်တို့ အဲ့ဒီလို ခဏခဏကူလိုက်၊ ခဏခဏတိုက်လိုက်နဲ့ မပြီးတဲ့ သံသရာကြီးကိုတော့ ရပ်စေချင်ပြီဗျာ၊ အရင်းအမြစ်ကို ပြတ်အောင် ကုချင်ပါပြီ။”
၈၈ အဖွဲ့ဟာ စစ်ဘေးရှောင်ဒုက္ခသည် အများစု နေထိုက်ရာ ကချင်နှစ်ခြင်းအသင်းတော် (KBC) ဘုရားကျောင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံကာ အားပေးခဲ့ပြီး တာဝန်ရှိသူတွေထဲ ဆန် (၈၄၀) အိတ်၊ ဆီ (၄၀) ပုံး၊ ဆား (၁၂) အိတ်၊ ကြက်သွန်နီ (၈) အိတ်၊ ကြက်သွန်ဖြူ (၈) အိတ်၊ ကုလားပဲ (၈) အိတ်၊ ကြာဇံအထုတ်ကြီး (၈)ထုတ်၊ မာမီးခေါက်ဆွဲ (၁၉)ဆွဲ၊ ပဲရစ်ဆပ်ပြာ (၁၀)ဖာ၊ ဆပ်ပြာမှုန့် (၁၆) ပါကင်၊ ဆရာတော် ရဝေနွယ် (အင်းမ) မှ လှူဒါန်းသော ငွေကျပ်ဆယ်သိန်း၊ ဆရာတော် အရှင်ဆန္ဒာဓိကမှ လှူဒါန်းတဲ့ ငွေကျပ်ဆယ်သိန်း၊ ၈၈မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ လှူဒါန်းတဲ့ ငွေကျပ်ဆယ်သိန်းတို့ကို စစ်ဘေးရှောင် ဒုက္ခသည်တွေနဲ့ ဒေသခံ ကံစီးရွာသားတွေအတွက် ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - The 88 Generation Peace and Open Society

[gallery ids="80505,80506,80507,80508,80509,80510,80511,80512,80513,80514,80515,80516,80517,80518,80519,80520,80521,80522"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013