DVB Logo
Home
နိုင်ငံတကာ
AI ခေတ်ယှဉ်ပြိုင်မှုများကြား Apple စီးအီးအိုအသစ် စတင်တာဝန်ယူ
DVB
·
September 1, 2026
Photo: Reuters
Photo: Reuters
Donate to DVB

Apple ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ရာထူးကို Hardware အင်ဂျင်နီယာပိုင်း အကြီးအကဲဖြစ်သူ ဂျွန်တားနက်စ်က စက်တင်ဘာ ၁ ရက်ကစပြီး လွှဲပြောင်းရယူလိုက်ပါတယ်။ 

အသက် ၅၀ အရွယ် တားနက်စ်ဟာ AI နည်းပညာကြောင့် ပြောင်းလဲလာတဲ့ လုပ်ငန်းနယ်ပယ်ထဲမှာ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီတွေထဲက တခုကို ဦးဆောင်ပေးရမှာပါ။ 

အဲဒီနောက် ၂၀၁၁ ခုနှစ်ကတည်းက Apple ကို ဦးစီးလာခဲ့တဲ့ တင်မ်ကွတ်ခ်ဟာ ကုမ္ပဏီရဲ့ အမှုဆောင်ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ယူသွားဖို့ ရှိနေပါတယ်။ 

ဒါကြောင့် ၁၅ နှစ်ကြာ ကွတ်ခ်ရဲ့ ဦးဆောင်မှု အဆုံးသတ်သွားပြီ ဖြစ်ပေမဲ့ ကမ္ဘာတဝန်းက မူဝါဒချမှတ်သူတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာတွေကို ဆက်လက်တာဝန်ယူပေးမှာ ဖြစ်ပါတယ်။​ 

ဒါ့အပြင် ကွက်ခ်ဟာ အမေရိကန်နဲ့ တရုတ်တို့ကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာတောင် Apple ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းအပေါ် အကာအကွယ်ပေးနိုင်ဖို့ နှစ်ဖက်စလုံးနဲ့ ဆက်ဆံရေး အဆင်ပြေအောင် ထိန်းကျောင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။ 

၂၀၀၁ ခုနှစ်မှာ Apple ဒီဇိုင်းအဖွဲ့ထဲကို စပြီးဝင်ရောက်လာခဲ့တဲ့ တားနက်စ်ကတော့ Hardware ပိုင်းဆိုင်ရာ အကြီးတန်းဒု-ဥက္ကဋ္ဌနေရာအထိ အဆင့်ဆင့်တက်လှမ်းလာခဲ့သူ ဖြစ်ပါတယ်။ 

အလားတူ တားနက်စ် ဆိုရင်လည်း အမေရိကန်ဆီက နိုင်ငံရေးဖိအားတွေကို ရှောင်တိမ်းရင်းနဲ့ တရုတ်အပေါ်  မှီခိုနေရမှု ဟန်ချက်မပျက်အောင် ထိန်းညှိသွားရဖို့ ရှိနေပါတယ်။ 

လက်ရှိ Apple ကုမ္ပဏီဟာ စမတ်ဖုန်းဈေးကွက်အတွင်း ထိပ်ဆုံးကနေ ဦးဆောင်နေပေမဲ့ AI အသိဉာဏ်ရည်တုပိုင်းမှာတော့ ပြိုင်ဘက်တွေထက် နောက်ကျနေတာကို တွေ့ရပါတယ်။

အထူးသဖြင့် Siri အသံအထောက်အကူပြုစနစ်အတွက် အဆင့်မြှင့်တင်ထားတဲ့ Version အသစ်တွေ ထုတ်ပေးဖို့တောင် ကြန့်ကြာနေခဲ့တဲ့အလျောက် Apple ဟာ AI နဲ့ပတ်သက်ရင် နှေးကွေးလွန်းတယ်ဆိုပြီး ဝေဖန်ခံထားရပါတယ်။ 

အခုလိုမျိုး AI နည်းပညာပိုင်းမှာ အမီလိုက်ဖို့ ရုန်းကန်နေရတဲ့ ကုမ္ပဏီတခုအနေနဲ့ Software ပိုင်းဆိုင်ရာ အကြီးအကဲ ခရက်ဂ် ဖက်ဒါရိဂီကို ဦးဆောင်ခိုင်းတာက ပိုပြီးသင့်လျော်တဲ့ ရွေးချယ်မှုဖြစ်နိုင်ကြောင်း လေ့လာသူတချို့အနေနဲ့ ထောက်ပြထားပါတယ်။

လာမဲ့ စက်တင်ဘာ ၉ ရက်နေ့ iPhone စီးရီးအသစ် မိတ်ဆက်ပွဲမှာတော့ တားနက်စ်ဟာ စီအီးအို တယောက်အနေနဲ့ ပထမဆုံးပွဲထွက်လာဖို့ ရှိနေပါတယ်။ 

ဒါဟာ Apple ကုမ္ပဏီ အကြီးအကဲအဖြစ် စတင်တာဝန်ယူအပြီး ၈ ရက်သာရှိသေးချိန်မှာ တားနက်စ်က ခေါက်သိမ်းနိုင်တဲ့ iPhone မော်ဒယ်အသစ်ကို မိတ်ဆက်ပေးရမှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013