DVB Logo
Home
မြန်မာသတင်း
မဒေးကျွန်း ရွာလုံးကျွတ် လျှပ်စစ်မီးလင်းပြီ
DVB
·
February 7, 2015
မဒေးကျွန်း ရွာလုံးကျွတ် လျှပ်စစ်မီးလင်းပြီ
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရွာမှာ ရွာလုံးကျွတ်နီးပါး လျှပ်စစ်မီတာအိုးတွေ ရရှိပြီပြီးဖြစ်တာကြောင့် ရွာလုံးကျွတ် မီးလင်းနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

[caption id="attachment_80416" align="aligncenter" width="658"]စီအန်ပီစီကုမ္ပဏီကို ပြီးခဲ့တဲ့နှစ် ဆန္ဒပြခဲ့ကြစဉ်က စီအန်ပီစီကုမ္ပဏီကို ပြီးခဲ့တဲ့နှစ် ဆန္ဒပြခဲ့ကြစဉ်က[/caption]

ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် နစ်နာမှုဆုံးရှုံးမှုတွေအတွက်  လျှပ်စစ်မီးရရေး အကြိမ်ကြိမ်တောင်းဆိုခဲ့ရာမှာ China National Petroleum Cooperation (စီပီအန်စီ) ဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းကစ လျှပ်စစ်မီတာအိုးတွေ လာတပ်ပေးတာလို့ မဒေးကျွန်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည်က ဒီဗွီဘီကို ပြောပါတယ်။

“မီတာအိုးတွေ  အကုန်နီးပါး တပ်ဆင်ပြီးပြီခင်ဗျ၊  သုံးလေးရက်လောက်ရှိပြီ။ ကျနော်တို့ တောင်းထားတဲ့ ၅၅၂ လုံး ရပါတယ်။  တောင်းဆိုတုန်းက အိမ်မဆောက်ရသေး တဲ့လူတွေ၊ သူများတွေ ရတာမြင်မှ စာရင်းထပ်ပေးတဲ့လူတွေ၊ မှတ်ပုံတင် မရှိတဲ့လူတွေပဲ ကျန်ပါတယ်။ သူတို့တွေရဖို့လည်း ဆက်တင်ပေးပါမယ်။”

ရွာမှာ အရင်က ငွေကြေးတတ်နိုင်တဲ့ လူတွေပဲ မီးစက်နဲ့ သုံးနေပြီး အများစုက လျှပ်စစ်မီးကို အခုမှသုံးဖူးတာကြောင့် အားလုံးဝမ်းသာနေကြတယ်လို့ ဆိုပါတယ်။

မဒေးကျွန်းရွာသူတဦးက သူတို့ရွာမှာ စီးပွားရေးအတွက်ဆိုရင် လျှပ်စစ်မီးကို ဗွီဒီယိုပြစားတဲ့နေရာမှာပဲ အသုံးပြုပြီး တခြားဘာအလုပ်လုပ်လို့ ရမလဲဆိုတာ မသိဘူးလို့ ပြောပါတယ်။

အခြားရွာသားတဦးကတော့ လျှပ်စစ်မီးက မနက် ၆ နာရီကနေ ည ၁၀ နာရီထိ တနေ့ကို ၄ နာရီပဲ ရသေးတယ်လို့ ပြောပါတယ်။

မဒေးကျွန်းမှာ စီအန်ပီစီကုမ္ပဏီက ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းလာလုပ်တဲ့အတွက် ရွာသားတွေက မြေယာ၊ အလုပ်အကိုင်နဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့လို့ ဒေသခံတွေဟာ အကြိမ်ကြိမ် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

သူတို့ဟာ လျှပ်စစ်မီးရရေးအပြင် လယ်ယာမြေလျော်ကြေးရရှိရေး၊ ပျက်စီးတဲ့လမ်းနဲ့ သဘာဝပတ်ဝန်းကျင် ပြန်ပြင်ပေးရေး၊ ကျွန်းပတ်လည် ငါးဖမ်းခွင့်ရရေး၊ စီမံကိန်းမှာ အလုပ်လုပ်တဲ့ ရွာသားတွေ လုပ်အားခအပြည့်ရရေး စတဲ့ အချက် ၉ ချက်ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒီလိုတောင်းဆိုဆန္ဒပြမှုကြောင့် ဦးထွန်းကြည်အပါအ၀င် ဆန္ဒပြခေါင်းဆောင် ၁၀ ဦးဟာ ထောင် ၃ လ အချုပ်ခံခဲ့ရပါတယ်။

ရွာသားတွေ စည်းလုံးညီညွတ်မှုရှိရှိ ဆန္ဒပြတောင်းဆိုခဲ့တာတွေကြောင့် ကုမ္ပဏီက တောင်းဆိုချက်တချို့ လိုက်လျောပေးခဲ့တာဖြစ်ကြောင်း၊ အခုချိန်ထိ ကုမ္ပဏီက ရွာလမ်းမကို ပြင်ဆင်ခင်းပေးခဲ့ပြီး မြေယာလျော်ကြေးတချို့ရရှိခဲ့ကြောင်း၊ တောင်းဆိုချက်အားလုံး ပြည့်ဝအောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။

မဒေးကျွန်းပေါ်မှာ  ရွာမ၊ ပန်းတိမ်ဆည်၊ ကျောက်တန်းနဲ့ပြိန် ဆိုတဲ့ ရွာ ၄ ရွာရှိပြီး စုစုပေါင်း အိမ်ခြေ ၅၀၀ လောက်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013