
မြန်မာစစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်နဲ့ ဇွန် ၁၅ ရက်နေ့ကနေ ၁၉ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်ဖို့ရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြီး ဘယ်အကြောင်းအရာကိစ္စတွေ ဆွေးနွေးဖို့ ဖိတ်ကြားတယ်ဆိုတာမျိုးတော့ အတိအလင်း သတင်းမဖော်ပြခဲ့ပါဘူး။
လတ်တလောမှာ တရုတ်အစိုးရက အာရုံစိုက်နေတဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ကိစ္စ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းကိစ္စ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ လုံခြုံရေးတိုးမြှင့်တာ ဒါမှမဟုတ် ထုတ်လုပ်မှုတိုးမြှင့်ရေးနဲ့ ထိန်းသိမ်းရေး၊ နယ်စပ်လုံခြုံရေး၊ မြန်မာပြည်တွင်း တည်ငြိမ်ရေး စတဲ့ကိစ္စတွေကို ဆွေးနွေးဖွယ်ရှိတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “မဟာဗျူဟာနဲ့ စီးပွားရေးဆိုင်ရာ ရည်မှန်းချက်တွေ အများကြီးပါနေတဲ့အတွက်ကြောင့်မို့လို့ တရုတ်ကလည်းပဲ မြန်မာနိုင်ငံအတွင်းမှာ တရုတ်ရဲ့ ကျောထောက်နောက်ခံ ဖွံ့ဖြိုးရေးစီမံကိန်းတွေ တိုးချဲ့မယ်၊ တရုတ်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (ERO) တွေနဲ့ ညှိနှိုင်းဆွေးနွေးတာမျိုးတွေ တရုတ်နိုင်ငံရဲ့ ဩဇာကို သုံးပြီးတော့မှ လုပ်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ တရုတ်အနေနဲ့လည်း အနောက်နိုင်ငံတွေရဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့အတွက် အသိုက်အဝန်းတခုကို တည်ဆောက်တာ ဖြစ်တယ်၊ နှစ်ဦးနှစ်ဖက် အကျိုးစီးပွား ထပ်တူကျတဲ့နေရာတွေအပေါ်မှာ မင်းအောင်လှိုင်ကလည်း ရသမျှနိုင်ငံတွေနဲ့ သူ့ရဲ့တရားဝင်မှုရအောင် ကြိုးပမ်းပြီးတော့သွားမှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ သူတို့ရဲ့အကျိုးစီးပွားအတွက်ကို ဘယ်နိုင်ငံကိုပဲဖြစ်ဖြစ် အသုံးချပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်တယ်ပေါ့လေ”လို့ ပြောပါတယ်။
အမေရိကန်-အီရန် စစ်ပွဲဖြစ်နေတာနဲ့တပြိုင်တည်းမှာ ကြုံတွေ့လာရတဲ့ လောင်စာဆီ အကျပ်အတည်းကို ချိန်ညှိနိုင်ဖို့ အရေးပေါ်စဉ်းစားချက်တွေလည်း တရုတ်နိုင်ငံမှာ ရှိနေတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
မေလအတွင်းမှာ ရုရှားဆီက လောင်စာဆီ ဝယ်ယူဖို့ တရုတ်ရဲ့ဆွေးနွေးမှုတွေဟာ ဈေးနှုန်းအရ အဆင်မပြေဖြစ်ခဲ့တာကြောင့် မြန်မာနိုင်ငံအတွင်းက သဘာဝဓာတ်ငွေ့နဲ့ လောင်စာဆီ ရပေါက်ရလမ်းတွေကို တရုတ်က ကြပ်မတ်ချင်တဲ့ အခြေအနေလည်း ရှိနေတာပါ။
မြန်မာနှင့်ဆက်စပ် ပထဝီနိုင်ငံရေး၊ စီးပွားရေးသုံးသပ်သူ မွန်ဇင်က “မြန်မာပြည်ထဲကနေ ယူနန်ကို သွားတဲ့ ရှိပြီးသား သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေကို သူတို့က သေသေချာချာ လုံခြုံစေချင်တယ်။ ထုတ်လုပ်ရေးကို တိုးမြှင့်တာမျိုးလုပ်ရင်လုပ်၊ ဒါမှမဟုတ်ရင် အခုထုတ်လုပ်နေတာတွေကို ပြုပြင်ထိန်းသိမ်းနိုင်ဖို့အတွက်ရယ် အန္တရာယ်ကင်းကင်းနဲ့ သူတို့ဆီကို ရောက်ဖို့အတွက်ရယ် အဲဒါကို သူတို့က ပိုပြီးတော့ ဗျူဟာတကျဖြစ်အောင် လုပ်တာထင်တယ်။ အခု မင်းအောင်လှိုင်ကို သူတို့ လှမ်းခေါ်လိုက်တာလေ။ သူတို့ရဲ့ပိုင်နက်ထဲမှာ မင်းအောင်လှိုင်ကို ဆွေးနွေးမှာ၊ ဆွေးနွေးပြီးတော့ သူတို့ လိုချင်တာတွေ အကုန်လုံးကို တန်းစီပြီးတော့ တောင်းမှာ၊ မင်းအောင်လှိုင်ကလည်း အကုန်လုံးကို ခေါင်းညိတ်ပြီးတော့ အကုန်လုံးလက်မှတ်ထိုးပေးမှာပဲ။ အကုန်လုံး သူ ကျွေးမှာပဲ။ ပြီးရင် တရုတ်ရဲ့ဖိအားတွေနဲ့ အာဆီယံခုံမှာ မရ ရအောင်ထိုင်ဖို့ သူ ကြိုးစားမှာပဲ။”
တရုတ်အစိုးရရဲ့ ၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်းမှာ ယူနန်ပြည်နယ်နဲ့ ကွေ့ကျိုးပြည်နယ်က ဖွံ့ဖြိုးရေးတွေ နောက်ကျနေတာဟာ ပင်လယ်ထွက်ပေါက်မရှိတာကြောင့်လို့ သုံးသပ်ထားပြီး ပင်လယ်ထွက်ပေါက်အဖြစ် ကျောက်ဖြူရေနက်စီမံကိန်းဟာ အရေးကြီးကြောင်း တရုတ်သတင်းစာတွေက ဆောင်းပါးတွေ ဖော်ပြခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ ရေရှည်မဟာဗျူဟာစီမံကိန်းတွေမှာ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ အရေးပါနေတာကြောင့် မြန်မာပြည်တွင်း တည်ငြိမ်ရေးပြန်ဖြစ်လာအောင် တရုတ်အစိုးရက ဖိအားပေးနေတာဖြစ်တယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးသုံးသပ်သူတယောက်က မှတ်ချက်ပေးပါတယ်။
မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “မင်းအောင်လှိုင်ရဲ့ခေါင်းထဲမှာ တခုပဲရှိတယ်။ သူ ကိုင်ထားတဲ့ သမ္မတရာထူးမြဲရေးအတွက် ဟိုလူ့တွေ့ ဟိုလိုပြောမယ်၊ ဒီလူ့တွေ့ ဒီလိုပြောမယ်၊ ဒါမျိုးတွေတော့ဖြစ်မှာပဲနော် မင်းအောင်လှိုင်ရဲ့ စဉ်းစားနည်းက။ သူ့သမ္မတရာထူး ခိုင်မာဖို့ တည်ငြိမ်ဖို့ မြဲမြံဖို့ဆိုတာ သူက ဒီနိုင်ငံကြီးတွေရဲ့ ပြောစကားလည်း တစုံတရာနားထောင်ရမှာပဲလေ၊ မိုဒီ ဆီသွားတုန်းကလည်း မိုဒီက ဒီမိုကရေစီစနစ်ပြန်သွားဖို့ သူ့ကို တိုက်တွန်းလိုက်တာပဲ။ တရုတ်ပြည်သွားလည်း တရုတ်ပြည်က တည်ငြိမ်ရေးဆိုတာ ဒီအတွက်ပြောမှာပဲ။ မင်းအောင်လှိုင်ရဲ့ စိတ်ထားမှာ တခုပဲ ရှိတယ်၊ ဒီသမ္မတရာထူး ကြာကြာရထားဖို့ပဲ။ ဒီလောက်ပဲရှိတယ်၊ သူ့ခေါင်းက အဲဒီလောက်ထက်ပိုပြီးမစဉ်းစားဘူး။ ကျမတို့ မြန်မာပြည်သူတွေကလည်း ပြတ်ပြီးသားပဲ၊ ဒီစစ်ကောင်စီ ဒီစစ်အုပ်စုရှိနေသရွေ့ မြန်မာပြည်ကြီး ငြိမ်းချမ်းမှာမဟုတ်ဘူး တည်ငြိမ်မှာမဟုတ်ဘူး ဆိုတာ သိပြီးသားပဲ၊ အဲဒီတော့ ကျမတို့အလုပ် ကျမတို့ဆက်လုပ်ဖို့ပဲရှိတယ်”လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ သမ္မတရာထူးကို ဖန်တီးရယူပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ဝန်ကြီးချုပ် မိုဒီရဲ့ ဖိတ်ကြားချက်နဲ့ မေ ၃၀ ရက်ကနေ ဇွန် ၃ ရက်အထိ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ပြီး အခု ဒုတိယခရီးစဉ်အဖြစ် တရုတ်နိုင်ငံကိုသွားမှာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ တရုတ်နဲ့ အိန္ဒိယလို အင်အားကြီးနိုင်ငံတွေရဲ့ ဖိအားကြောင့် အာဆီယံဒေသတွင်းနိုင်ငံတွေကလည်း စစ်ခေါင်းဆောင်ကို အလိုက်အထိုက်ဆက်ဆံရတာမျိုး ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေရဲ့ ဇွန် ၄ ရက်ကနေ ၆ ရက် တရုတ်ခရီးစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သူတို့လိုလားချက်တွေကို အလေးထားဖို့ တိုက်တွန်းခဲ့ပါတယ်။
မြန်မာပြည်တွင်းက တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို အာမခံချက်ပေးဖို့၊ နယ်စပ်က အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှုတွေ အပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို ပူးပေါင်းနှိမ်နင်းဖို့ အချက်တွေကို ဝန်ကြီးဝမ်ယိက သတိပေးခဲ့တာ တွေ့ရပါတယ်။










