DVB Logo
Home
မြန်မာသတင်း
ဘန်ကောက် ဗုံးခွဲတရားခံ ရှာဖွေမှုကြောင့် မြန်မာများဆင်ခြင်ကြရန် သံရုံးသတိပေး
DVB
·
February 6, 2015
Donate to DVB

ထိုင်းနိုင်ငံမှာ နေထိုင်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အထူးသတိထား နေထိုင်သွားလာကြဖို့ ဘန်ကောက်မြန်မာသံရုံးက သတိပေးနှိုးဆော်ချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ မြန်မာသံရုံးရဲ့ ကြေညာချက်မှာ ဖေဖော်ဝါရီ ၂ ရက် ဘန်ကောက် Siam Paragon ကုန်တိုက်အနီး ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု ကျုးလွန်ခဲ့သူတွေကို ထိုင်းအာဏာပိုင်တွေက အပူတပြင်းရှာဖွေစုံစမ်းမှုတွေ ပြုလုပ်နေတဲ့အတွက် မြန်မာနိုင်ငံသားတွေ သွားလာနေထိုင်တာ ဆင်ခြင်ကြဖို့ ဖော်ပြထားပါတယ်။

ဘန်ကောက်မြန်မာသံရုံးက သံအမတ်ကြီး ဦးဝင်းမောင်က မြန်မာအလုပ်သမားတွေ အလုပ်လုပ်ပြီး အိမ်ပြန်ကြဖို့ သတိပေးနှိုးဆော်ချက်ထုတ်တာလို့ ပြောပါတယ်။

“အလုပ်သမားတွေ လျှောက်သွားနေမှာစိုးလို့ ကိုယ့်အလုပ်ကိုယ်လုပ်လို့ရအောင် ကိုယ့်အိမ်ကိုယ်နေလို့ရအောင်၊ ဒီမှာလည်း ဗုံးခွဲတာတွေဘာတွေ ရှိလာတော့လေ၊ အမေရိကန်သံရုံးကလည်း အလားတူ သတိပေးချက်ထုတ်ပါတယ်။ အင်္ဂလန်လည်း ထုတ်ပါတယ်။ ကျနော်တို့နိုင်ငံက ဒီမှာ လူများတော့ တော်ကြာနေ အဲ့ဒီအမှုအခင်းတွေထဲ ပါနေရင် လိုက်ရှင်းနေရမှာစိုးလို့ သတိပေးတဲ့သဘောပါပဲ။”

မြန်မာသံရုံးရဲ့ အထူးသတိပေးနှိုးဆော်ချက်ထဲမှာ လူသွားလူလာများတဲ့ ကုန်တိုက်တွေ ဈေးဝယ်စင်တာတွေ၊ ဘတ်စကားဂိတ်နဲ့ ဘူတာရုံတွေမှာ အချိန်ကြာမြင့်စွာ စုဝေးသွားလာတာမျိုး မလုပ်ကြဖို့၊ နေအိမ်နဲ့ အလုပ်ဌာနတွေကို ဆောလျင်စွာပြန်ကြဖို့ ဖော်ပြထားပါတယ်။

ဘန်ကောက် ပတူနမ့်ဈေးမှာ ဈေးရောင်းတဲ့ ကိုဒွဲကတော့ အခုရက်ပိုင်း အလုပ်သွားအလုပ်ပြန်ချိန်တွေမှာ အရင်ကထက် စစ်ဆေးမှုတွေပိုလုပ်လာတယ်လို့ ပြောပါတယ်။

“တနေကုန်တော့ မဟုတ်ဘူး မနက်ပိုင်းဆို ၈ နာရီခွဲလောက်ကနေ ၁၁ နာရီခွဲလောက်ထိ စစ်တယ်။ ညနေပိုင်းကျ ရုံဆင်းချိန်လောက် ၄ နာရီခွဲလောက်ကစပြီး ည ၇ နာရီလောက်ထိ စစ်တယ်။ သူတို့က လက်နက်ခဲယမ်းရှာတယ်လို့ ပြောတယ်။ ကျနော်တို့ ဗမာတွေ တွေ့တဲ့အခါကျတော့ ရစ်တယ်လေ။ ဆိုင်ကယ်မောင်း၊ ဘာမောင်းကျတော့ နည်းနည်း အခက်အခဲရှိတယ်။”

ထိုင်းအာဏာပိုင်တွေက ဈေးထဲ အလုပ်ထဲထိ ၀င်ရောက်စစ်ဆေးတာမျိုးမရှိဘဲ လမ်းဆုံးလမ်းခွတွေမှာပဲ စောင့်ပြီး စစ်ဆေးတာမျိုးပြုလုပ်နေတယ်။ မြန်မာ ၂ ယောက်လောက် အဖမ်းခံရပေမယ့် အလုပ်ရှင်က လာခေါ်ထုတ်သွားတယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံတ၀န်းမှာ မြန်မာအလုပ်သမားတွေ သန်းနဲ့ချီ နေထိုင်လုပ်ကိုင်နေကြပြီး တစုံတရာအရေးအကြောင်းပေါ်ရင် ထိုင်းအာဏာပိုင်တွေက အကြပ်ကိုင် ငွေညှစ်တာမျိုး လုပ်လေ့ရှိပါတယ်။

ဓာတ်ပုံ - ဘန်ကောက်ပို့စ်

[gallery ids="80407,80406,80405,80404,80403"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013