
နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ကင်ပွန်းတန်းအုပ်စု မြို့ရှောင်လမ်းဘေးမှာ ဇူလိုင် ၇ ရက် ည ၆ နာရီခွဲက အိုးဝေမောင်းသူ ၄ ယောက်ကို အမျိုးသား ၃ ယောက်က ဓားနဲ့ခုတ်ခဲ့တယ်လို့ မြို့ခံတွေဆီ က သိရပါတယ်။
မနေ့ည ၆ နာရီခွဲက မြို့ရှောင်လမ်း Pero Seven စက်သုံးဆီဆိုင်အနီးမှာရှိတဲ့ အိုးဝေယာဥ်မောင်း တွေဖြစ်တဲ့ ဦးတင်စိုးလှိုင်၊ ဦးဇင်မောင်မောင်လွင်၊ ဦးကျော်ကျော်နဲ့ ဦးရဲထက်အောင်တို့ကို အမျိုးသား ၃ ယောက်က ဓားနဲ့ခုတ်ခဲ့တာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“အိုးဝေမောင်းတဲ့သူအချင်းချင်း စနောက်နေတာကို သူတို့ကို ပြောတယ်ဆိုပြီး ဓားနဲ့ခုတ်သွားတာ။ ဓားနဲ့ခုတ်သွားတဲ့ ၃ ယောက်က ဇေယျာသီရိမြို့နယ်၊ အိုင်စောက်ရွာဘက်က၊ အခုချိန်ထိတော့ ဖမ်းမမိသေးဘူး။”
ဓားနဲ့ခုတ်ခံရတဲ့ အိုးဝေမောင်းသူ ၄ ယောက်ကို ပျဥ်းမနား ခုတင် ၂၀၀ ဆေးရုံနဲ့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
“ဓားနဲ့ခုတ်ခံရတဲ့ ၄ ယောက်ထဲမှာ ၂ ယောက်က အခြေအနေစိုးရိမ်ရလို့ ခုတင် ၁၀၀၀ ကို ပို့ထားရတယ်။ ဓားနဲ့ခုတ်ခံရတဲ့သူတွေထဲမှာ ပျဥ်းမနား ၃ ယောက်၊ ဇေယျာသီရိမြို့နယ်က တယောက်၊ ၄ ယောက်ထဲမှာ ၂ ယောက်က အတော်လေးစိုးရိမ်ရလို့ နေပြည်တော် ခုတင် ၁၀၀၀ ကို ရွှေ့ထားတယ်။”
ဓားနဲ့ခုတ်သူ ၃ ယောက်မှာ ဇေယျာသီရိမြို့နယ်၊ အိုင်စောက်ကျေးရွာနေ မျိုးမင်းဦး၊ အငယ်လေးနဲ့ ဆံရှည် (ခ) ဇော်ထွန်းတို့ ဖြစ်ပြီး လတ်တလောမှာ ဖမ်းဆီးရမိခြင်း မရှိပေမဲ့ ပျဥ်းမနားမြို့မရဲစခန်းက (ပ)အမှတ် ၂၁၅/၂၀၂၆၊ ပုဒ်မ ၃၂၆၊ ၃၂၄၊ ၁၁၄ တို့နဲ့ အမှုဖွင့်ထား ပါတယ်။
ဇွန် ၂၉ ရက် ည ၉ နာရီခွဲကလည်း ပျဉ်းမနားမြို့နယ်၊ ကြံဖိုးစုကျေးရွာမှာ စကားများ ရန်ဖြစ်ရာက အမျိုးသား ၂ ယောက် ဓားနဲ့ခုတ်ခံရပြီး တယောက်သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ဇွန် ၈ ရက် ညနေ ၅ နာရီခွဲကလည်း ပျဉ်းမနားမြို့နယ်၊ ဘိုကုန်းရပ်ကွက်မှာ အိမ်နီးချင်း စကားများ ရန်ဖြစ်ရာက သားအမိ ၂ ယောက် ဓားနဲ့ခုတ်ခံရပြီး မိခင်ဖြစ်သူ သေဆုံးကာ သားဖြစ်သူ ဒဏ်ရာရရှိခဲ့ပါတယ်။











