DVB Logo
Home
မြန်မာသတင်း
အစိုးရထုတ်ပြန်ချက် သပိတ်ဖြိုခွင်းရန် ဆင်ခြေဟု ကျောင်းသားတုံ့ပြန်
DVB
·
February 6, 2015
အစိုးရထုတ်ပြန်ချက် သပိတ်ဖြိုခွင်းရန် ဆင်ခြေဟု ကျောင်းသားတုံ့ပြန်
Donate to DVB

ကျောင်းသားလူငယ်တွေကို အသုံးချပြီး ဆူပူမှုတွေဖြစ်အောင် နောက်ကွယ်ကနေ ဖန်တီးနေကြတယ်လို့ အစိုးရရဲ့ ကြေညာချက်ဟာ ကျောင်းသားထုကို စော်ကားတာဖြစ်ပြီး သပိတ်ကိုဖြိုခွင်းဖို့ ဆင်ခြေဖြစ်တယ်လို့ သပိတ်စစ်ကြောင်းက တုန့်ပြန်ပါတယ်။

မနေ့ညက အစိုးရသတင်းထုတ်ပြန်ရာမှာ ပညာရေးဆိုင်ရာကိစ္စကို အကြောင်းပြုပြီး ဆူပူမှု များ ဖြစ်ပေါ်လာစေဖို့အတွက် ကျောင်းသားအမည်ခံသူတွေ၊ နောက်ကွယ်က ကြိုးကိုင် ဆောင်ရွက်နေသူတွေ၊ အားပေးအားမြှောက်ပြုနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းအချို့ဟာ ကျောင်းသားလူငယ်တွေကို အသုံးချနေကြတယ်လို့   ပါရှိပါတယ်။ တိုင်းပြည်ငြိမ်အေးချမ်း ရေးအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ အမတ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရဟန်းရှင်လူတွေကို ပန်ကြားခဲ့ပါတယ်။

အစိုးရ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ မန္တလေး-ရန်ကုန်သပိတ်စစ်ကြောင်းမှာ လိုက်ပါ  နေတဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ ပြန်ကြားရေးတာဝန်ခံတဦးဖြစ်တဲ့ ကိုရဲရင့်ကျော်က အခုလိုပြောပါတယ်။

“အဲဒါက စစ်တပိုင်းအစိုးရက စစ်အစိုးရလက်ထက်ကတည်းက ပြည်သူလူထု ရဲ့လုပ်ရပ်တွေ၊ နိုင်ငံရေးပါတီတွေရဲ့လုပ်ရပ်တွေ၊ ကျောင်းသားတွေရဲ့လုပ်ရပ်တွေကို အပုပ်ချ အပြစ်တင်ဖို့ပဲ ကြိုးစားနေခဲ့တဲ့ အကျင့်တွေက မပျောက်သေးတာလည်း ပါပါတယ်။ နောက်ကွယ် က ကြိုးကိုင်တယ်လို့ ပြောတာဟာ ကျောင်းသားတွေကို နလပိန်းတုံးတွေလို့ စော်ကားတာနဲ့ အတူတူပါပဲ။ ပြည်သူနဲ့ အစိုးရ ဘယ်သူ့ကို ပူးပေါင်းလဲဆိုတာလည်း ညက တောင်တွင်းကြီးမြို့မှာ ကြိုဆိုပုံကိုကြည့်ရင် သိနိုင်ပါတယ်။

“ကျနော်တို့က ဆူပူမှုကို ဖန်တီးမယ်ဆိုရင် ဒီလောက် မိုင် (၂၀၀) ခရီး အပင်ပန်းမခံပါဘူး။ မန္တလေးက အုပ်စုက မန္တလေးမှာ ဆူကြ၊ ရန်ကုန်ကလူက ရန်ကုန်မှာ ဆူကြ လုပ်လို့ရတာပါပဲ။ ဘာကိစ္စ ကျနော်တို့က အပင်ပန်းခံပြီးတော့ ချီတက်လမ်းလျှောက်နေမှာလဲ။ အဲဒီတော့ ကျနော်တို့ သပိတ်ရဲ့ အောင်မြင်မှု၊ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုတွေကို ကြောက်လန့် တကြားနဲ့ နာမည်ဖျက်ပြီးတော့ စွပ်စွဲမှုတွေ လုပ်လာတာဟာ အရင်လုပ်ခဲ့တဲ့ဟာတွေကို ပြန်ကြည့်ရင် အဲလိုစွပ်စွဲပြီးတိုင်း ဒီလို မကောင်းတာတွေ ပါနေလို့ ဖြိုခွဲရပါတယ်ဆိုတဲ့ ဆင်ခြေပေးဖို့အတွက် ကြိုတင်ဆောင်ရွက်ဖန်တီးလာတယ်လို့ပဲ မြင်ပါတယ်။”

19301_432298620253674_7465007585475647565_nအမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဒီလ (၃) ရက်နေ့က အစိုရက တဖက်သတ်ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် ဆက်လက်ချီတက်နေတဲ့ မန္တလေး ရန်ကုန် သပိတ်စစ်ကြောင်းဟာ တောင်တွင်းကြီးမြို့ကို မနေ့က ရောက်ရှိလာရာမှာ ဒေသခံလူထု  ထောင်သောင်းချီကြိုဆိုခဲ့ကြပါတယ်။ ကျောင်းသားတွေတည်းခိုမယ့် ဘုန်းကြီးကျောင်းကို အုပ်ချုပ်ရေးပိုင်းကလာရောက်ပြီး ကျောင်းသားတွေကို လက်မခံဖို့ ဖိအားပေးပေမယ့် ကျောင်းထိုင်ဘုန်းကြီးက လက်ခံအိပ်ခွင့်ပေးခဲ့ပါတယ်။

သပိတ်စစ်ကြောင်းဟာ တောင်တွင်းကြီးမြို့ကနေ ဒီမနက် ကိုးနာရီခွဲမှာ ထွက်ခွာပြီး ဆတ်သွားကျေးရွာမှာ ညအိပ်ရပ်နားမှာဖြစ်ပါတယ်။ ကျောင်းသားတွေကို ဒေသခံပြည်သူ ၈၀၀ ကျော်က လိုက်ပါဝန်းရံချီတက်ကြပါတယ်။

ဝန်းရံတဲ့ ကျောင်းသားမိဘတဦးက “ဒီမနက် ၉ နာရီခွဲမှာ ကျနော်တို့ စစ်ကြောင်း စထွက်ပါတယ်။ ချောင်းနက် (ကျေးရွာ) မှာ ခုလောလောဆယ် နားနေပါတယ်ဗျ။ ကျောင်းသားတွေကို ထမင်းကျွေးနေပါတယ်ဗျ။ တောင်တွင်းကြီး မြို့ခံပရိသတ်ကလည်း (၁၀၀၀) နီးပါးလောက် ကျောင်းသားတွေနဲ့အတူ လမ်းလျှောက်ပြီးတော့ လိုက်လာနေကြပါတယ်ခင်ဗျ။ ကျောင်းသားအရေအတွက်က ၂၀၀ ကျော်လောက်ပဲရှိပါတယ်” လို့ မွန်းလွဲ ၁ နာရီမှာ ပြောပါတယ်။

ချောင်းနက်ကျေးရွာကနေ ထွက်ခွာတဲ့လမ်းကြောင်းတလျှောက် လေးမိုင်ခန့်အကွာမှာရှိတဲ့ ဆတ်သွားကျေးရွာကို ချီတက်ပြီး ညအိပ်ရပ်နားဖို့ စီစဉ်ထားကြပါတယ်။ အဲဒီ ဆတ်သွားကျေးရွာမှာ ရဲလုံထိန်းတွေ ရာနဲ့ချီစောင့်ဆိုင်းနေတယ်လို့ သူက ပြောပါတယ်။

ဆတ်သွားကျေးရွာမှာ လွန်ခဲ့တဲ့ရက်ပိုင်းတွေကတည်းက ရဲလုံထိန်းတွေ ချထားတာဖြစ်ပြီး ကျောင်းသားသပိတ်စစ်ကြောင်းဟာ ဒီကနေ့ည ဆတ်သွားရွာမှာ ညအိပ်မှာဖြစ်ပါတယ်။

သပိတ်စစ်ကြောင်းနဲ့ လိုက်ပါတာဟာ ကျောင်းသားတွေရဲ့ တောင်းဆိုမှုနဲ့ လှုပ်ရှားမှုတွေကို ထောက်ခံကြောင်း ပြသတာလို့ တောင်တွင်းကြီး ဒေသခံက ပြောပါတယ်။

“ကျောင်းသားဆိုတာ မိဘပြည်သူတွေ နှလုံးသားထဲက အလွှာတခုလေ။ ကျောင်းသားလှုပ်ရှားမှုဆိုရင် ခေတ်အဆက်ဆက် ဗမာပြည်သမိုင်းမှာလည်း ပြည်သူတွေက အားပေးခဲ့ကြတယ်။ ကျောင်းသားတွေကလည်း သမိုင်းတလျှောက်မှာ ရှေ့ကနေ ဦးဆောင်ပြီး ပြည်သူ့လိုအပ်ချက်၊ နိုင်ငံ့လိုအပ်ချက်ကို တစိုက်မတ်မတ် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့သူတွေ ဖြစ်တဲ့အတွက် ဒီကျောင်းသားတွေကို ကိုယ်ချင်းစာတဲ့စိတ်၊ ထောက်ခံတဲ့စိတ်နဲ့ ကရုဏာနဲ့ လိုက်လံအားပေးကြတာပါ” လို့ ပြောပါတယ်။

သွားရောက်ကြည့်ရှုသူတွေအဆိုအရ ကျောင်းသားတွေ ညအိပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ ဆတ်သွားကျေးရွာမှာ  ရဲလုံထိန်းအင်အား (၂၀၀)၊ မီးသတ်က ၁၅ ယောက်၊ မီးသတ်ကား ၅ စီးနဲ့ ဆတ်သွားရွာမှာ  လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက တပ်စွဲထားတယ်လို့ သိရပြီး ဒီကနေ့ညနေမှာ သပိတ်စစ်ကြောင်းက ဖြတ်ရလိမ့်မယ်လို့ဆိုပါတယ်။

သပိတ်စစ်ကြောင်းမှာ လိုက်ပါနေတဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုရဲရင့်ကျော်က “ကျနော်တို့ကတော့ ဆက်လက်ချီတက်ရမှာပဲ။ ကျနော်တို့က သူများမြှောက်ပေးလို့ လုပ်တာလား။ ယုံကြည်ချက်နဲု့လုပ်တာလားဆိုတာတော့ ကွဲပြားသွားအောင်၊ ကျနော်တို့ ယုံကြည်ချက်က အသက်ကိုတောင် ပဓာန မထားဘူးဆိုတာ ပြရမှာပါပဲ” လို့ ပြောပါတယ်။

ကျောင်းသားသပိတ်စစ်ကြောင်းဟာ နောက်လာမယ့်ရက်တွေမှာ အောင်လံမြို့အ၀င်မှာ ချထားတဲ့ လုံထိန်းတပ်အင်အား ၃၀၀ ခန့်ကိုလည်း ဖြတ်ကျော်ရဖွယ်ရှိနေတယ်လို့ သပိတ်ကို ၀န်းရံကြတဲ့ နယ်ခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်က တောင်သာမြို့အ၀င် လမ်းမှာ သပိတ်စစ်ကြောင်းကို လုံထိန်းတပ်ဖွဲ့နဲ့ အရပ်ဝတ်  အဖွဲ့တွေက တားမြစ်ဟန့်တားခဲ့ပါသေးတယ်။ ဒီတားမြစ်စဉ်အတွင်း ကျောင်းသားတွေ တာင်းဆိုတဲ့ လေးပွင့်ဆိုင် ဆွေးနွေးဖို့ သမ္မတက သဘောတူပြီး လုံခြုံရေးက သပိတ်စစ်ကြောင်းကို ဖြတ်ကျော်ခွင့်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013