DVB Logo
Home
မြန်မာသတင်း
ဝှိုက်ကတ်ကိုင်သူများ မဲပေးခွင့် ဖွဲ့စည်းပုံခုံရုံး စိစစ်ပေးရန် အမတ်များ တောင်းဆို
DVB
·
February 6, 2015
ဝှိုက်ကတ်ကိုင်သူများ မဲပေးခွင့် ဖွဲ့စည်းပုံခုံရုံး စိစစ်ပေးရန် အမတ်များ တောင်းဆို
Donate to DVB

ဝှိုက်ကတ် (ယာယီသက်သေခံလက်မှတ်) ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ရှိဆိုတဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ အခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိ မရှိ ဖွဲ့စည်းပုံခုံရုံးက စိစစ်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက လက်မှတ်ထိုးတောင်းဆိုလိုက်ပါတယ်။

[caption id="attachment_34174" align="alignright" width="310"]ဒေါက်တာ အေးမောင် ဒေါက်တာ အေးမောင်[/caption]

ဖေဖော်ဝါရီ ၆ ရက်နေ့က အမျိုးသားလွှတ်တော်အမတ် ၂၈ ဦး လက်မှတ်ထိုး တောင်းဆိုလိုက်တာ ဖြစ်ပြီး ဦးဆောင်သူ ရခိုင်အမတ်ဒေါက်တာအေးမောင်က စိစစ်ရေးလုပ်ငန်းစဉ်ကို အခုလို ပြောပါတယ်။

“အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကျနော်တို့ တင်သွင်းစာနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ စိစစ်မှာပေါ့။ စိစစ်ပြီး သက်ဆိုင်ရာ နိုင်ငံတော်ဖွဲ့စည်း ပုံခုံရုံးကို ပေးပို့ဖို့က အမျိုးသားလွှတ်တော်ရဲ့ တာဝန် ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပေးပို့တဲ့စာကို ဖွဲ့စည်းပုံခုံရုံးက စိစစ်ပြီး ကျနော်တို့ကို ပြန်အကြောင်းကြားဖို့ လိုတာပေါ့။”

ဖွဲ့စည်းပုံခုံရုံးက ဘယ်နေ့မှာ ကြားနာမယ်လို့ အကြောင်းပြန်လာရင် လက်မှတ်ထိုးတင်တဲ့ အမတ်တွေဘက်က ဗဟိုတရားရုံးရှေ့နေတဦး ငှားပြီး လျှောက်ထားကြရမှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေအကြား အငြင်းပွားဖွယ်ရာ ဖြစ်ရင် လွှတ်တော်တရပ်ရပ်မှ ဥက္ကဋ္ဌ ၂ ဦးက လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းကျော်က ဆန္ဒသဘောထား လက်မှတ်ရေးထိုးပြီး လွှတ်တော်ဥက္ကဋ္ဌတွေကတဆင့် လည်းကောင်း အခြေခံဥပဒေနဲ့ ညီ၊ မညီ အခြေခံဥပဒေခုံရုံးကို မေးမြန်းနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက် ပြည်သူ့လွှတ်တော်အတွင်း အချိုးကျကိုယ်စားပြုစနစ်(ပီအာ)ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိ လွှတ်တော်ဥက္ကဋ္ဌက စာပို့မေးမြန်းခဲ့တုန်းက ခုံရုံးက နေ့ချင်းပြီး ဖြေကြားပေးခဲ့ဖူးပါတယ်။

အခု လက်မှတ်ထိုးတင်လိုက်တဲ့အမတ် ၂၈ ဦးထဲမှာ အန်အယ်လ်ဒီအပါအ၀င် ဒီမိုကရက်နဲ့ တိုင်းရင်းသားပါတီအမတ်တွေအပြင် အာဏာရပြည်ခိုင်ဖြိုးပါတီက ရခိုင်အမတ် ၂ ဦးလည်း ပါဝင်ပါတယ်။

ဖေဖော်ဝါရီ ၂ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်း”ကို အတည်ပြုခဲ့ပြီး အဲဒီဥပဒေမှာ ယာယီသက်သေခံလက်မှတ်(၀ှိုက်ကတ်) ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေက အခုလို လက်မှတ်ထိုး တောင်းဆိုတာတွေ လုပ်ကြသလို ရခိုင်လူထုကလဲ နည်းလမ်းပေါင်းစုံသုံးပြီး ဆန့်ကျင်ဆန္ဒပြဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013