DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဖာပွန်ကို ဦးတည်သည့် စစ်အာဏာရှင်တပ် ရှေ့မတိုးနိုင်ဘဲ ပိတ်ဆို့တိုက်ခိုက်ခံရပြီး အကျအဆုံးများ
အောင်ခန့်
·
July 23, 2026
ဖာပွန်ကို ဦးတည်သည့် စစ်အာဏာရှင်တပ် ရှေ့မတိုးနိုင်ဘဲ ပိတ်ဆို့တိုက်ခိုက်ခံရပြီး အကျအဆုံးများ
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်မြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတွေ ကတိုင်တိအထက်နား ဘုရားကုန်းနေရာကနေ ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်ဆို့တိုက်ခိုက်ခံနေရပါတယ်။

တိုက်ပွဲအတွင်း စစ်အာဏာရှင်တက်ဘက်က ဒုတပ်ရင်းမှူးတယောက်နဲ့ တပ်ခွဲမှူး ၄ ယောက် အပါအဝင် တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က ဒီဗွီဘီကို ပြောပါတယ်။

စစ်အာဏာရှင်တပ်က မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဖာပွန်ဗျူဟာမကျရေးနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး လူအင်အား ၂,၀၀၀ နီးပါးနဲ့ ဖာပွန်ကားလမ်းမကြီး အရှေ့နဲ့ အနောက်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေပါတယ်။

လက်ရှိမှာ ဖာပွန်မြို့နယ်၊ ကမမောင်း-ဖာပွန်သွား လမ်းပေါ်က ကတိုင်တိကျေးရွာကို ကျော်လွန်ပြီး ဖာပွန်မြို့ကိုရောက်ဖို့ မိုင် ၂၀ ကျော်လောက်သာ လိုတော့တဲ့ ဘုရားကုန်းကို ရောက်ရှိနေပြီး ရှေ့ဆက်မတိုးနိုင်အောင် KNLA ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်နေပါတယ်။

တပ်မဟာ ၅ မူတြော်ခရိုင် ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က “ဖာပွန်ဘက်ကို ရည်ရွယ်ပြီး ကတိုင်တိအထက်နား ဘုရားကုန်းနေရာမှာ ရက်အတော်ကြာ ပိတ်ဆို့ခံနေရတဲ့ အကြမ်းဖက် စကစ စစ်ကြောင်းတွေက အထက်အမိန့် မလွန်ဆန်နိုင်တာလိုပဲ ပြောရမလား။ သေမထူး ဘဝမျိုးလို့ ဆိုရမလား။ ဒီနေ့အထိ တနေကုန်နီးပါး တိုက်ပွဲအဖြစ်ခံပြီး အသေ၊ ဒဏ်ရာဘယ်လောက်ရှိရှိ တိုးနေကြတယ်။ ဒါပေမဲ့ အဲနေရာက ဇူလိုင်ပထမပတ်ထဲက ရောက်ထားတာ။ အခု ဇူလိုင်စတုတ္ထပတ်ထဲ ဝင်ပြီ။ သူတို့ တိုးလို့မရဘူး။ ၂ ရက် ၃ ရက်အတွင်း တိုက်ပွဲမှာ အားလုံးတော့ မသိရပေမဲ့ သိရတဲ့ ဒဏ်ရာရသူတွေထဲမှာ ဒုရင်းမှူးအဆင့်ထိ တဦး အပါအဝင် တပ်ခွဲမှူးအဆင့် ၄ ဦးအထိ ပါဝင်တယ်။ တပ်သားရဲဘော်တော့ ပြောစရာမလိုတော့ဘူး” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း လေကြောင်းအပြင် မြေပြင်ကနေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် အနီးအနားက ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၆ ရက် မွန်းလွဲပိုင်းက ဖာပွန်(ဒွယ်လိုး)မြို့နယ် ကတိုင်တိကျေးရွာအုပ်စု၊ ထီးလော်သီထာကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းတကျောင်း၊ နေအိမ် ၁၂ လုံး ပျက်စီးခဲ့တဲ့အပြင် အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်သေဆုံးခဲ့ပါတယ်။

ကရင်နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူတယောက်က “စကမက ထိုးစစ်ဆင်နေတာ ယနေ့အချိန်အထိ ထိုးစစ်ဆင်လို့ မရဘူး။ အောင်မြင်တယ်ဆိုတာ မရှိခဲ့ဘူး။ လက်ရှိက စကမကတော့ ကြွက်မနိုင်ရင် ကျီမီးရှို့တာပဲ။ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ရေးအရ မဖိနိုင်ဘူး ဆိုလို့ရှိရင် အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေ၊ နေအိမ်တွေကို (စစ်ရှောင်) စခန်းတွေကို ဗုံးကြဲတယ်။ အမြောက်ကြီးတွေနဲ့ ပစ်တယ်။ အခုလက်ရှိ တက်လာတဲ့ KNU စစ်ဦးစီးချုပ်လက်ထက် နိုင်ငံရေးကို လျှော့ချပြီး စစ်ရေးကို ပိုပြီးတော့ အရှိန်မြှင့်တင်ဖို့ လုပ်ဆောင်လာလိမ့်မယ်လို့ ကျနော်တို့ကတော့ သုံးသပ်တယ်။ ဒီအပြင်လည်း တဖက်က စကမကလည်း စစ်ရေးပြင်းထန်လာတာနဲ့အမျှ အရပ်သားပစ်မှတ်တွေကို ဆက်လက်ပြီး ပိုတိုးပြီးတော့လည်း လုပ်ဆောင်လာဖို့ ရှိတယ်လို့ ကျနော်တို့ ယေဘုယျ သုံးသပ်ပါတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၉ ရက် မနက်ပိုင်းကလည်း ဖာပွန်(ဒွယ်လိုး)မြို့နယ် ကတိုင်တိကျေးရွာ အုပ်စုတွင်းက စစ်ရှောင်နေတဲ့ ဖားလုံးဖိုးကျေးရွာကို စစ်အာဏာရှင်တပ်တွေက လေကြောင်းကနေ ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ စောလူးလူးရဲ့နေအိမ် ထိခိုက်ပျက်စီးခဲ့ပြီး ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နွား ၈ ကောင် နေရာမှာတင် သေဆုံးပြီး တကောင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013