
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်တပ်ဘက်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ ကရင်နယ်ခြားစောင့်တပ် (BGF) တွေ ပါဝင်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က သာလွန်အင်အားနဲ့ လက်နက်ကြီး၊ ဒရုန်းပစ်ကူရယူပြီး ဘက်ပေါင်းစုံကနေ စစ်ကြောင်းထိုးနေတာကြောင့် ဖလူးကျေးရွာနဲ့ မင်းလက်ပံ ကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေပါတယ်။
မြေပြင်စစ်ရေးသတင်းရင်းမြစ်က “မြေပြင်မှာလည်း အဲလိုပဲ ဖြစ်နေတယ်။ ဒီသတင်းက ထွက်တာမကြာသေးဘူး။ ယခင်က DKBA ဗိုလ်ဘိ ဦးဆောင်တဲ့ ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်ကို စစ်တပ်က ပိုပြီးတော့ ဦးစားပေးလာတယ်။ ယခင်က တဖွဲ့ပါမယ်။ ပြီးတော့ ကျားဖြန့်ဆိုက်ကနေပြီးတော့ DKBA ဘက်ကထုတ်တဲ့ နိုင်လွင် ဆိုတဲ့ အဲဒီတဖွဲ့ပါတယ်။ ပြီးတော့ ကရင် BGF က မုတ်သုန်အဖွဲ့က ချင်းလုံဆိုတဲ့ ဦးဆောင်တဲ့အဖွဲ့တဖွဲ့လည်း ပါတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် လက်ရှိအခြေအနေမှာ အချင်းချင်းဆိုတဲ့ စကားလုံးကို မသုံးသင့်တော့ဘဲ စနစ်နဲ့သာဆိုင်ပြီး အမှားအမှန်မခွဲခြားဘဲ ရန်သူနဲ့ပေါင်းပြီး တိုက်ခိုက်လာရင် ခုခံပြီး ပြန်ချေမှုန်းရမှာပဲလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်ကစပြီး စစ်အာဏာရှင်စစ်ကြောင်းတွေဟာ ဝေဟင်နဲ့ မြေပြင် ပစ်ကူရယူပြီး ဖလူး၊ မင်းလက်ပံကျေးရွာကို ထိုးဖောက်ဝင်ကြိုးစားနေတာဟာ ၈ လကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။
လက်ရှိမှာလည်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာအပြင် လေကြောင်းရန်ကို စိုးရိမ်ပြီး လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ ကျေးရွာက ဒေသခံ ၄,၀၀၀ ကျော်ဟာ သောင်ရင်းမြစ် တဘက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အောင်ခန့်










