DVB Logo
Home
မြန်မာသတင်း
ပြည်သူ့စစ်မှုထမ်းဥပဒေအရ လုပ်သက် ၂ နှစ်ပြည့်လူငယ်များ အိမ်ပြန်ခွင့် မရေရာသေး
DVB
·
April 7, 2026
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၂၂ ဖွင့်ပွဲ။ (Photo: MOI)
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၂၂ ဖွင့်ပွဲ။ (Photo: MOI)
Donate to DVB

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် ၂၀၂၄ ခုနစ်၊ ဧပြီ ၈ ရက်က စစ်မှုထမ်းသင်တန်း ပထမဆုံးအပတ်စဉ်မှာ သင်တန်းတက်ခဲ့ရတဲ့ လူငယ်တွေဟာ လာမဲ့ ဧပြီ ၈ ရက်ဆိုရင် စစ်မှုထမ်းကာလ ၂ နှစ်ပြည့်တော့မှာပါ။

လက်ရှိအချိန်ထိတော့ စစ်တပ်က စစ်မှုထမ်းကာလ ပြည့်မြောက်သွားတဲ့သူတွေထဲက အိမ်ပြန်ခွင့်ရမဲ့သူ အရေအတွက်ကို ထုတ်မပြောသေးပါဘူး။

အခု ဧပြီ ၃ ရက်တုန်းကတော့ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အခြေစိုက် ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) မှာ စစ်မှုထမ်း အမှတ်စဉ် ၁ က တပ်သား ၃၈၅ ယောက်ကို သတ်မှတ်ကာလ ပြီးမြောက်အောင် တာဝန်ထမ်းခဲ့တဲ့အတွက် ဂုဏ်ပြုအခမ်းအနား လုပ်ခဲ့တယ်လို့ စစ်တပ်က ထုတ်ပြန်ပါတယ်။

စစ်မှုထမ်းသင်တန်းအပတ်စဉ် တခုကို စစ်တပ်က သင်တန်းသား အယောက် ၅,၀၀၀ ခေါ်မယ်လို့ စစ်တပ်ရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၄ ခုနစ်တုန်းက ပြောခဲ့ဖူးပေမဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ မှာ တက်ရောက်သူ သင်တန်းသား ဘယ်လောက်ရှိတယ်၊ တိုက်ပွဲတွေမှာ ဘယ်လောက်ကျဆုံးခဲ့တယ်၊ လက်ရှိ ဘယ်လောက်ကျန်တယ်ဆိုတာ မသိရပါဘူး။

လက်ရှိအချိန်မှာတော့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ တက်ရောက်ခဲ့ရသူတွေရဲ့ မိသားစုတွေကတော့ စစ်သင်တန်းတွေဆီပါသွားတဲ့ လူငယ်တွေ ပြန်ရောက်လာမှာကို စောင့်မျှော်နေကြတယ်လို့ ရန်ကုန်တိုင်းအတွင်းက အဓမ္မ စစ်မှုထမ်း ခေါ်ဆောင်ခံရသူတွေအရေး လိုက်လံကူညီနေသူတယောက်က ပြောပါတယ်။

“လောလောဆယ်ကတော့ ကျမတို့ဘက်တွေတော့ အပတ်စဉ် ၁ ကနေ အခုချိန်ထိ ဆင့်ခေါ်သွားတာတွေကော၊ မဲနှိုက်သွားတာတွေကော၊ အရောင်းအဝယ်လုပ်ပြီး ခေါ်သွားတဲ့ စစ်မှုထမ်းတွေ အကုန်လုံးကတော့ ပြန်မလာသေးဘူး။ မိသားစုတွေကတော့ မျှော်တာပေါ့။ အပတ်စဉ် ၁ ကတည်းကနေ အခုချိန်ထိဆိုရင်တော့ ကျမတို့ သိထားတာတော့ ပါသွားတဲ့သူက တဝက်လောက်တော့ ကျဆုံးနေပါပြီ။ တဝက်လောက်ပဲ ကျန်တော့တာ။”

စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ သင်တန်းသားတွေ စစ်မှုထမ်းချိန် ပြည့်တော့မှာ ဖြစ်ပေမဲ့ စစ်တပ်ကတော့ နိုင်ငံတဝန်းမှာ လူငယ်တွေကို ပေါ်တာဆွဲ အဓမ္မဖမ်းဆီးပြီး စစ်သင်တန်းတွေဆီ ပို့ဆောင်နေဆဲ ဖြစ်တယ်လို့ အဓမ္မဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

လက်ရှိ စစ်မှုထမ်း အပတ်စဉ် ၁ မှာ စစ်မှုထမ်းခဲ့ရသူတွေထဲက အိမ်ပြန်ခွင့်ပြုသူ အရေအတွက်နဲ့ ရှေ့တန်းမှာ ကျဆုံးခဲ့သူ အရေအတွက်ကို သိရဖို့ DVB အနေနဲ့ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ထံ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်တပ်ဟာ လက်ရှိအချိန်မှာတော့ စစ်မှုထမ်းအပတ်စဉ် ၃ ခုလောက်အထိ စစ်မှုထမ်းခဲ့ရတဲ့ လူငယ်တွေကို ပြန်လွှတ်ပေးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ပြန်လွှတ်ပေးမှုတွေ ပိုနည်းလာနိုင်သလို တပ်ထဲမှာ အမြဲတမ်းစစ်သားဖြစ်အောင် ဆွဲဆောင်တာတွေလည်း လုပ်နိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

“ဟန်ပြအနေနဲ့ကတော့ လွှတ်ပေးမယ်။ လွှတ်ပေးတဲ့ဟာကိုလည်း ကျနော်တို့ တချက်တော့ စောင့်ကြည့်ရမယ်။ အခုဆိုရင် ပြန်ထွက်ခွင့်ပေးဖို့အတွက် လွိုင်ကော် ဒကစမှာ ဒကစမှူး ဗိုလ်မှူးချုပ်အောင်ကျော်ခိုင် စလုပ်နေတာ တွေ့ရတယ်။ အဲဒီတော့ ကျန်တဲ့ တိုင်းစစ်ဌာနချုပ် ၁၄ ခုနဲ့ ဒကစ ၆ ခု အဲဒီနေရာတွေလည်း တချိန်တည်း တပြိုင်တည်း စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ လုပ်လာနိုင်တယ်။”

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက် ကျယ်ပြန့်လာတဲ့ ပြည်တွင်းစစ်ရေးအခြေအနေတွေကြားမှာ စစ်မှုထမ်းဥပဒေကို ပြန်လည် အသက်သွင်း အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သင်တန်း အပတ်စဉ် ၂၃ အထိ ရောက်နေပါပြီ။

စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံတဝန်းက လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင်နေရသလို စစ်တပ်ကလည်း နိုင်ငံတကာလေဆိပ်တွေ၊ နယ်စပ်ထွက်ပေါက်တွေမှာ လူငယ်တွေကို ထွက်ခွာခွင့်မရအောင် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013