
မြန်မာနိုင်ငံဘက်မှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေကြောင့် မြစ်ချောင်းတွေအတွင်း အဆိပ်အတောက် ဖြစ်စေတဲ့ အညစ်အကြေးတွေ စီးဝင်လာတဲ့ ပြဿနာကို ထိုင်းအစိုးရအနေနဲ့ အလေးအနက်ထား ဖြေရှင်းပေးဖို့အတွက် ချင်းမိုင်နဲ့ ချင်းရိုင်းခရိုင်က ဒေသခံပြည်သူ ၆၀၀ လောက်ဟာ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြတဲ့ ခရီးစဉ်ကို မေ ၃၁ ရက်မှာ စတင်လိုက်တယ်လို့ Thai PBS သတင်းမှာ ဖော်ပြပါတယ်။
ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ်၊ ထာတွန်တိုက်နယ်ကနေ ချင်းရိုင်းမြို့နယ်အထိ ၆၈ ကီလိုမီတာလောက် ရှည်လျားတဲ့ ဒီလမ်းလျှောက်ခရီးစဉ်ကို လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက ပူးပေါင်းစီစဉ်ခဲ့တာလို့ ဆိုပါတယ်။
ဒီပွဲကို သံဃာတော်အများအပြားနဲ့အတူ အမတ်ဟောင်း ကွန်ဂျိုင်ဒီတက်စ်၊ မဲ့အိုင်းမြို့ နယ်အုပ်ချုပ်ရေးမှူး နီတီပါကွန် ဆန်ဆူဝမ်နဲ့ ထာတွန်ကျောင်းတိုက် ဆရာတော် ဖရာမဟာနိခေါမ်တို့ လည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ရတ်ချင်းခေါင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ နိဝပ်ရွိုင်း ကယောက် ကတော့ အခုပွဲဟာ ကောက်မြစ်၊ ဆိုင်မြစ်၊ ရုခ်မြစ်၊ သံလွင်မြစ်၊ ကရပူရီမြစ်နဲ့ မဲခေါင်မြစ်တွေ အတွင်း အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေ စီးဝင်လာမှုကြောင့် ခံစားနေရတဲ့ မြစ်ဝှမ်းတလျှောက်က ပြည်သူတွေရဲ့အသံကို နားထောင်ဖို့အတွက် ရည်ရွယ်တာလို့ ပြောပါတယ်။
မြန်မာနိုင်ငံဘက်က စည်းကမ်းမဲ့ စွန့်ပစ်လိုက်တဲ့ သတ္တုတွင်း အညစ်အကြေးတွေဟာ ထိုင်းနိုင်ငံထဲကို စီးဝင်လာပြီး နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုပြဿနာတွေ ဖြစ်နေရတာကို တုံ့ပြန်ဖို့အတွက် ဒေသခံပြည်သူတွေအနေနဲ့ အခုလို တရားဓမ္မကို အခြေခံတဲ့၊ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ပထမဆုံးအကြိမ် လှုပ်ရှားတောင်းဆိုလာကြတာလို့ ဆိုပါတယ်။
ဆရာတော် နိခေါမ်ကတော့ အခု ငြိမ်းချမ်းရေးလမ်းလျှောက်မှုဟာ ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓနေ့နဲ့ တိုက်ဆိုင်နေပြီး ခရိုင် ၂ ခုလုံးက ပြည်သူအများအပြားကို ထိခိုက်စေနေတဲ့ ရေထုညစ်ညမ်းမှုပြဿနာကို လူသိများလာအောင် ရည်ရွယ်တာဖြစ်တယ်လို့ မိန့်ကြားပါတယ်။
ဒီပွဲရဲ့ ညှိနှိုင်းရေးမှူး မဲ့ဖားလုံတက္ကသိုလ်က ကထိက ဒေါက်တာ စူးပ်စကွန် ကစ်နူကွန်ကတော့ လာမဲ့ ဇွန် ၅ ရက်မှာ ဝန်ကြီးချုပ် အနုထင်း ကိုယ်တိုင် လာရောက်ပြီး ဒေသခံတွေရဲ့ အသံတွေကို နားထောင်ပေးစေချင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် သူက ဒေသခံတွေအနေနဲ့ ဒီပြဿနာကို အမြစ်ပြတ် ဖြေရှင်းစေချင်တာဖြစ်လို့ ဒီရွှေတူးဖော်ရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူ အများစုက တရုတ်ကုမ္ပဏီတွေဖြစ်လို့ ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်၊ တရုတ်အစိုးရ၊ မြန်မာနိုင်ငံက တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ ဆွေးနွေးဖို့ လိုအပ်တယ်လို့ အလေးအနက် ထောက်ပြထားပါတယ်။
ဒီငြိမ်းချမ်းရေး လမ်းလျှောက်ခရီးစဉ်ကိုတော့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်တဲ့ ဇွန် ၅ ရက်အထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Source: Thai PBS










