
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်ဖို့ သုံးတဲ့ ရုရှားရဲ့ “အရိပ်သင်္ဘောအုပ်စု” မှာ ပါတယ်လို့ သံသယရှိတဲ့ ရေနံတင်သင်္ဘောတစင်းကို ပြင်သစ်စစ်တပ်က အောက်တိုဘာ ၁၂ ရက်မှာ ရီယူနီယံကျွန်းနားမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဒီလုပ်ရပ်ကို “ပင်လယ်ဓားပြလုပ်ရပ်” တခုအဖြစ် ရုရှားအစိုးရက ဝေဖန် ပြောဆိုခဲ့ပါတယ်။
ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုကြောင့် ရေနံကနေ ပြန်ရငွေတွေကို ဖြတ်တောက်ဖို့ ရည်ရွယ်ရင်း အနောက်နိုင်ငံတွေက ရုရှားအပေါ် ပိတ်ဆို့အရေးယူခဲ့ပါတယ်။
ဒါကြောင့် ရုရှားအတွက် ရေနံစိမ်းတင်ပို့မှု ဆက်လက် စီးဆင်းနေစေရေး ကူညီဖို့ အရိပ်ရေနံတင် သင်္ဘောသုံးမှု မြင့်တက်လာခဲ့ပါတယ်။
အရိပ်သင်္ဘောဆိုတာဟာ ဒဏ်ခတ်ခံ ကုန်စည်တွေကို တင်ဖို့ ပိုင်ဆိုင်မှု ထွက်ခွာရာနဲ့ ဆိုက်ကပ်ရာ ဆိပ်ကမ်းတွေကို မဖော်ပြထားတဲ့ သင်္ဘောတွေကို ခေါ်တာပါ။
ဥရောပသမဂ္ဂက ရုရှားရေနံကို သယ်ယူပို့ဆောင်ရာမှာ အလံတင်မှတ်ပုံတင် စနစ်အတုကို သုံးနေတဲ့ ရေနံတင်သင်္ဘောတွေအပေါ် ပင်လယ်ပြင်မှာတင် တက်ရောက်စီးနင်းခြင်း အပါအဝင် ပိုတင်းကျပ်တဲ့ အရေးယူမှုတွေ ဆောင်ရွက်နေပါတယ်။
DF Peak ရေနံတင်သင်္ဘောကို ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ပြင်သစ်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက ပြောခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် RIA သတင်းဌာနက အောက်တိုဘာ ၁၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။
Source: Reuters











