DVB Logo
Home
Lead Story
အဓိက ငှက်တွေကို ဖမ်းဆီးသတ်ဖြတ်မှုဖြစ်တယ် - ငှက်ပညာရှင် ဦးသက်ဇော်နိုင်
DVB
·
February 4, 2015
အဓိက ငှက်တွေကို ဖမ်းဆီးသတ်ဖြတ်မှုဖြစ်တယ် - ငှက်ပညာရှင်  ဦးသက်ဇော်နိုင်
1 / 3
Donate to DVB

TZN

မြန်မာနိုင်ငံက ငှက်ဝါသနာရှင်တွေနဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေပူးပေါင်းပြီး ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အထိ နိုင်ငံတ၀ှမ်း ငှက်လေ့လာ စစ်တမ်းကောက်ယူမှုတွေ ကွင်း ဆင်းဆောင်ရွက်ခဲ့ပါတယ်။ ဒီစစ်တမ်းရဲ့ လေ့လာတွေရှိချက်တွေနဲ့ မြန်မာနိုင်ငံမှာ ငှက်မျိုးစိတ်တွေ မျိုးတုံး ပျောက်ကွယ်မယ့်အန္တရာယ်တွေနဲ့ပတ်သက်ပြီး စစ်တမ်းကောက်ယူရာပါဝင်တဲ့    သားရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးစောင့်ရှောက်ရေးအဖွဲ့ (WCS) က ငှက်ပညာရှင် ဦးသက်ဇော်နိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာပြည်အနှံ့ ၄ နှစ်ကြာ ငှက် စစ်တမ်းကောက်ယူလေ့လာချက်တွေအရ နိုင်ငံတွင်းမှာ ငှက်မျိုးစိတ် အရေအတွက် ဘယ်လောက်ရှိတယ်လို့ စာရင်းပြုစုနိုင်ခဲ့ပါသလဲ။

“နဂိုပြုစုထားတဲ့ စာရင်းနဲ့ အသစ်တွေ့ရှိထားတဲ့ဟာနဲ့ဆိုရင် စုစုပေါင်း ၁၁၁၄ မျိုး ထုတ်ပြန်နိုင်ခဲ့ပါတယ်။”

ဒီစာရင်းထဲမှာ အရင်က  မြန်မာနိုင်ငံမှာ မရှိသေးတဲ့၊  မတွေ့သေးတဲ့ ရှားပါး ငှက်အမျိုးအစားတွေလည်း ပါဝင်သိရပါတယ်။ ဘယ်လိုငှက်အမျိုးအစား အသစ်တွေလဲဆိုတာ ရှင်းပြပေးပါလား။

“ရှားပါးတော့မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ မှတ်တမ်းတင်မထားတဲ့ ငှက်မျိုးဆိုရင် ၂၀ လောက်ပေါ့။ မြန်မာနာမည်တော့ မရှိသေးဘူး။ ဒါပေမယ့် အကြမ်းဖျင်းဆိုရင်တော့ သိမ်းငှက်အသေးစားလို အကောင်မျိုး အစ်ကိုတို့ကတော့ သိမ်းစာလို့ခေါ်တာပေါ့၊ စာကလေးအရွယ်အစား သာသာပဲရှိတာ။ သေးသေးလေးတွေ အဖြူနဲ့အနက်ကြားလေး။ အဲလို အကောင်အမျိုးအစားတွေ၊ တချို့ ရေငှက်တွေလည်းပါတာပေါ့၊ နောက် လည်ပင်းမှာ အနီရောင်ပါတဲ့ ပင်လယ်ဇင်ယော်ငှက်ကြီးမျိုးတွေလည်း ပါတာပေါ့၊ နောက်ငှက်ပါးစပ်လို့ခေါ်တဲ့ ဘုတ်ကလုံလောက်ရှိတဲ့ ငှက်တွေပါ။”

ဒီငှက်တွေဟာ အရင်က ကမ္ဘာ့ဘယ်အရပ်ဒေသတွေမှာပဲ အတွေ့များတဲ့ ငှက်တွေပါလဲ။

“သိမ်းငှက်အသေးစားလေးတွေဟာ တကယ်ကျတော့ အိန္ဒိယဘက်မှာရှိတာ၊ အရှေ့တောင်အာရှ တချို့နိုင်ငံတွေမှာရှိတယ်။ အဓိက ဟိမ၀န္တာတောင်တန်းတွေပေါ်မှာ တွေ့ရလေ့ရှိတဲ့ အကောင်မျိုးတွေပါ။”

စစ်တမ်းကောက်ယူမှုတွေကို ဘယ်အဖွဲ့အစည်းတွေပေါင်းပြီး ဘယ်လိုနေရာတွေမှာ အဓိကသွားပြီး လုပ်ဖြစ်တာပါလဲ။

“သွားတဲ့နေရာဒေသကတော့ မြန်မာပြည်အနှံ့မှာပါ။ တနိုင်ငံလုံးလိုလိုပဲသွားကြတာ။ လုပ်တာတော့ အစိုးရအဖွဲ့အစည်းအနေနဲ့ သဘာ၀၀န်းကျင်နဲ့ သစ်တောဦးစီးဌာနလက်အောက်မှာ ရှိတဲ့ သဘာ၀၀န်းကျင်နဲ့ သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာန၊ နိုင်ငံတကာအဖွဲ့အစည်းဆိုရင် Wildlife Conservation Society ရှိတယ်  Fauna & Flora International  ရှိတယ်။ နောက်ပြည်တွင်းက ငှက်ဝါသနာရှင်အသင်းရှိတယ်၊ ဒါအပြင် ၀ါသနာအလျောက်လိုက်လေ့လာတဲ့ လူတွေလည်းရှိတယ်။ အဲလိုလူတွေ လိုက်ပြီးတော့  ကောက်ထားတဲ့ အချက်အလက်တွေအားလုံးကို ပြန်ပြီးပေါင်းစုလိုက်တာပါ။ ပေါင်းစုလိုက်ပြီးတော့မှ ဒါကတော့ မြန်မာနိုင်ငံမှာ အသစ်ဖြစ်တယ် မှတ်တမ်းမရှိဘူးဆိုပြီး မှတ်တမ်းတင်လိုက်တာပါ။”

TZN2ယေဘုကျအားဖြင့်ခြုံကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ငှက်မျိုးစိတ်အရေအတွက်ဟာ ပိုပြီးတော့များလာသလား၊ ဒါမှမဟုတ်  ပိုပြီးတော့ရှားပါးလျော့နည်း မျိုးတုံးသွားလား။ ဘယ်လို ကောက်ချက်ချ သုံးသပ်လို့ရမလဲ။

“မျိုးတော့မတုံးဘူး၊ ဒါပေမယ့် အကောင်အရေအတွက်တော့နည်းလာတယ်။ နည်းလာတယ်လို့ပဲ သုံးသပ်ထားတယ်။ အဓိက ဆောင်းတွင်းမှာဆိုရင် အစ်ကိုတို့နိုင်ငံအနေနဲ့ကလည်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ပေါင်းပြီးတော့ နိုင်ငံအတွင်းမှာရှိတဲ့ ရေငှက်တွေကို နှစ်တိုင်းပုံမှန်စာရင်းကောက်တယ်။ စာရင်းကောက်တဲ့အခါကျတော့ တနှစ်ထက်တနှစ် ပိုပိုနည်းလာတယ်။ နည်းလာတယ်ဆိုတာလည်း အစ်ကိုတို့တနိုင်ငံတည်းမဟုတ်ဘူး။ အဓိက ငှက်တွေလာတဲ့ မူရင်းဒေသနိုင်ငံတွေမှာကိုက အကောင်ရေက ကျကျလာတယ်။

လေ့လာစာရင်းကောက်ယူမှုတွေအရဆိုရင် လွန်ခဲ့တဲ့နှစ်တွေထဲ မြန်မာနိုင်ငံမှာ မျိုးတုံးပျောက်ကွယ်သွားပြီလို့ ယူဆရတဲ့ငှက်တွေ မတွေ့ရတော့တဲ့ ငှက်အမျိုးအစားတွေက ဘာတွေလဲ ပြောပြပေးပါလား။

“မြန်မာနိုင်ငံမှာတော့ ငှက်တမျိုးရှိသေးတယ်လို့ ပထမတော့မှန်းကြတာ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကပေါ့။ အဲဒီငှက်ရဲ့အမည်က ဘဲခေါင်းပန်းရောင်လို့ခေါ်တယ်၊ အဲဒီကောင် ပထမတော့ အစ်ကိုတို့ နိုင်ငံမှာပဲရှိတော့မယ်လို့ ကျန်တော့မယ်လို့ထင်တာ။ ဒါပေမယ့် တော်တော်များများ အဖွဲ့အစည်းပေါင်းစုံ လူပုဂ္ဂိုလ်ပေါင်းစုံ မြန်မာနိုင်ငံအနှံ့ လိုက်ရှာကြည့်တဲ့အခါကျတော့ အခုမတွေ့ရတော့ဘူး။ ဒါကြောင့် ဘဲခေါင်းပန်းရောင်ကတော့ မြန်မာမှာတင်မကဘူး ကမ္ဘာမှာပါ မျိုးတုံးသွားပြီလို့ ထင်ရတယ်၊ ယူဆရတယ်လို့ သတ်မှတ်ထားတယ်။  ဒေါင်းတွေကတော့ သိပ်တော့ အခြေအနေမဆိုးသေးဘူး၊ ရှားပါးတယ်၊ မျိုးတုံးဖို့နီးတယ်ဆိုပေမယ့် လုံးဝမျိုးတုံးလုနီးပါးတော့ မဖြစ်သေးဘူး။ ဒါပေမယ့် အနှစ် သုံးလေးဆယ်အတွင်းမှာ အချိန်မီ မထိန်းသိမ်းရင်တော့ မျိုးတုံးသွားနိုင်တယ်။ ဒေါင်းထက် အခြေအနေ ဆိုးတဲ့ငှက်မျိုးစိတ်တွေ အစ်ကိုတို့နိုင်ငံမှာ အများကြီးရှိတယ် ၁၀နှစ် ၁၅ နှစ်အတွင်းမထိန်းသိမ်းဘူးဆိုရင် လုံးဝမျိုးတုံးသွားမယ်ဆိုတဲ့ငှက်တွေ လေးငါးခြောက်မျိုးလောက်ရှိသေးတယ်။ ဥပမာ လင်းတငှက်တွေ ၃ မျိုးရှိတယ်။ အဲဒီထက်ပိုအရေးကြီးတာက ငဟစ်ဝမ်းဖြုဆိုတဲ့ငှက်ရှိတယ် ဗိုက်အဖြူပေါ့ သူက တကမ္ဘာလုံးမှာ အကောင်ရေ ၂၅၀ လောက်ပဲရှိတော့တယ်လို့ ခန့်မှန်းထားတယ်။ အစ်ကိုတို့နိုင်ငံမှာလည်း သိပ်များများစားစားမရှိတော့ဘူး။

မြန်မာနိုင်ငံမှာ ငှက်တွေမျိုးတုံးမှုတွေ အဓိကဖြစ်စေတဲ့အကြောင်းအရင်းတွေကဘာလဲ၊ ငှက်တွေ အသက်ရှင်နေထိုင်နိုင်ဖို့ ကြုံတွေ့နေရတဲ့ အဓိကစိန်ခေါ်မှုဘာတွေရှိနေလဲ ပြောပြပေးပါလား။

“အစ်ကိုတို့နိုင်ငံမှာ အဓိက စိန်ခေါ်မှုကတော့ ငှက်တွေကို ဖမ်းဆီးသတ်ဖြတ်မှုပေါ့။ ဖမ်းဆီးသတ်ဖြတ်တယ် ဆိုတာ စားဖို့ထက် ရောင်းဖို့ ဖမ်းဆီးသတ်ဖြတ်တာ အဲဒါတော်တော်ပြဿနာရှိတယ်၊ အဲဒါအဓိက အချက်ပေါ့။ ဒုတိယအချက်ကတော့ သူတို့နေရင်းဒေသ နေထိုင်ကျက်စားတဲ့နေရာတွေ ပျောက်ဆုံးသွားတာ၊ နောက်ပိုးသတ်ဆေးတွေကတော့ ပိုးသတ်ဆေးတွေနဲ့ ငှက်ဖမ်းတာတွေရှိတယ်။ အပင်တွေကို ပိုးသတ်ဆေးဖြန်းတယ်၊ ပိုးသတ်ဆေးက ကျလာလို့ ပိုးကောင်တွေကိုစားလို့ ငှက်တွေသေတယ်ဆိုတာက နည်းတယ်။ ပိုးသတ်ဆေးနဲ့ငှက်တွေကိုဖမ်းတာက ပိုဆိုးတာ။”

Bird Fotoနောက်မြန်မာပြည်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေပျက်စီးပြီး ငှက်တွေရဲ့ သဘာဝနေထိုင်ကျက်စားမှုတွေအပေါ် ဘယ်လောက် ထိခိုက်မှုရှိနေပါသလဲ။

“အစ်ကိုတို့ဆီမှာ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ အတိအကျစစ်တမ်းလည်း မကောက်ရသေးဘူး၊ သူတို့စီမံကိန်းတွေလုပ်တဲ့ နေရာတွေ တော်တော်များများကလည်းပဲ ရှားပါးတဲ့ငှက်တွေ ကျက်စားတဲ့နေရာတွေနဲ့ နည်းနည်းတော့ဝေးသေးတယ်။  ဒါပေမယ့် တခုတော့ရှိတာပေါ့ ရေငှက်တွေအနေနဲ့တော့ရှိတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ တချို့ရေတိမ်ဒေသတွေ ရေနက်ကွင်းတွေမှာ ငါးကန်တွေလုပ်တာ၊ လယ်ယာမြေတွေဖော်တာတွေဟာ နည်းနည်းတော့ ရေငှက်တွေအတွက် အကောင်ပေါက်ဖွားတဲ့နေရာ တွေနည်းလာတာပေါ့ အဲဒိပြဿ     နာတော့နည်းနည်းရှိတယ်။”

နောက်ဆုံးမေးချင်တာက ဒီလို ငှက်တွေ မျိုးတုံးပျောက်ကွယ်တော့မယ့် အန္တရာယ်ကနေ ကာကွယ်ဖို့ အတွက် ပြည်သူလူထုတွေအနေနဲ့ ဘာတွေလုပ်ဆောင်သင့်တယ်လို့ အကြံပေးချင်လဲ၊ ငှက်ချစ်မြတ်နိုးသူတွေအနေနဲ့ ဘယ်လိုတိုက်တွန်းချင်ပါသလဲ။

“အကြံပေးချင်တာကတော့ အစ်ကိုတို့ပတ်ဝန်းကျင်မှာရှိတဲ့ ငှက်တွေတင်မကဘူး အပင်တွေ အကောင်တွေဆိုတာက လူတွေကို အဓိကအကျိုးပြုနေတယ်။ တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်ပြီးအကျိုးပြုနေတယ်။ လူတွေအားလုံးလိုလိုက အကောင်တွေ အပင်တွေကိုမှီခိုနေရတာကိုး။ ဒီလိုမှီခိုနေရတဲ့ အကောင်တွေ အပင်တွေကို အစ်ကိုတို့လူတွေကလည်း သူတို့ကိုပြန်ပြီးကျေးဇူးဆပ်တဲ့အနေနဲ့ သူတို့ကို ထိန်းသိမ်းကာကွယ်ပြီးတော့ အကောင်တွေကိုလည်းမစားအောင်၊ အပင်တွေကိုလည်းမခုတ်အောင် လုပ်စေချင်ပါတယ်။”

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013