DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ကို ချီတက်နေသည့် ကျောင်းသားသပိတ်စစ်ကြောင်းများ ပြန်လည်စတင်
DVB
·
February 3, 2015
ရန်ကုန်ကို ချီတက်နေသည့် ကျောင်းသားသပိတ်စစ်ကြောင်းများ ပြန်လည်စတင်
1 / 3
Donate to DVB

နေပြည်တော်မှာ ဒီကနေ့ ကျင်းပမယ့် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ၄ ပွင့်ဆိုင်တွေ့ဆုံပွဲ ပျက်ပြားခဲ့ရပြီးနောက် နယ်အသီးသီးမှာ ခေတ္တရပ်ဆိုင်းထားတဲ့ ကျောင်းသားသပိတ် စစ်ကြောင်း တွေ ရန်ကုန်ကို ချီတက်မှုပြန်လည်စတင်နေပြီလို့ ကျောင်းသားခေါင်းဆောင်တွေက ပြောပါ တယ်။

သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်က “သပိတ်မှောက်စစ်ကြောင်းတွေကို ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မီတီ က တကယ်တန်း ဦးဆောင်မှုရှိမရှိ ဆိုတာကို ကျမတို့က ကျောင်းသား သပိတ်တွေအကုန်လုံး ဒေသအသီးသီးက သပိတ်မှောက်စစ်ကြောင်းတွေ ပြန်ထွက် လာပြီး ရန်ကုန်မှာပြန်ပြီး တော့ ချီတက်သပိတ်ပြန်လည် ဆင်နွှဲခြင်းဖြင့် သက်သေပြမှာဖြစ်ပါတယ်။ အစိုးရဖက်က တဖက် သတ် ညှိနှိုင်းရေးလမ်းစဉ်ကို ရပ်ဆိုင်းတဲ့အတွက် ကျမတို့ဖက်ကလည်း ကျမတို့ရဲ့ သပိတ်စစ် ကြောင်းတွေကို ပြန်လည်စတင်မှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

မန္တလေးကနေ ရန်ကုန်ကို ထွက်လာတဲ့ ကျောင်းသား သပိတ်ကတော့ ဒီကနေ့ မကွေးမြို့က ကျောင်းတွေကို လိုက်လံစည်းရုံးပြီး မနက်ဖြန် တောင်တွင်းကြီးကို ခရီးဆက်မယ်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မီတီရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

“တွေ့ဆုံပွဲရှိသေးတဲ့အချိန်တောင်မှာ နိုင်ငံရေးအရ ဖိအားပေးပြီးတော့ ၁၁ ချက် ကို အ အကောင်အထည်ဖော်နိုင်ရေး ကြိုးစားနေခဲ့ရတာဖြစ်တဲ့အတွက် အခုလို ဆွေးနွေးမှု မစတင်နိုင်ဘဲ အချိန်ဆွဲထားတဲ့အပိုင်းမျိုး ဖြစ်လာတဲ့အတွက် ကျနော်တို့ ပိုပြီးဆောင်ရွက်သွား မယ်ဆိုတာ သေချာသွားတာပေါ့။ လက်ရှိစစ်ကြောင်းတွေ ဆက်လက်ထွက်ခွာနေဆဲပါပဲ။ အစိုးရရဲ့ အပြုအမူ ဆောင်ရွက်ပုံတွေရဲ့ မူမမှန်မှု ရလဒ်တွေကတော့ အစိုးရမှာပဲ တာဝန်ရှိပါ တယ်။”

ဧရာဝတီ သပိတ်စစ်ကြာင်းကလည်း ပုသိမ်မြို့နေ ရန်ကုန်မြို့ကို စတင်ချီတက်ပြီဖြစ်ပါတယ်။ ကျောင်းသားတွေကို ၀န်းရံတဲ့ကော်မတီက ကိုကျော်နန္ဒက “မနက် ၁၀ နာရီလောက်က စထွက်တယ် မြို့တွင်းကျောင်းတွေကို ထွက်တယ်။ ပြီးတော့ နေ့ခင်းထမင်းစားနားပြီးတော့ မြို့ပြင်ကိုထွက်တယ်။ အခု ကန်ကုန်းရွာမှာ။ ညကျရင် ကန်ကြီးထောင့်မှာ ညအိပ်နားမယ်။ လူအင်အားကတော့ ကျောင်းသား ၄၀ ကျော်နဲ့ ၀န်းရံသူ ၇၀ လောက်ပါပါတယ်။” လို့ ပြောပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့ ကျောင်းသားသပိတ်ကတော့ မနက်ဖြန် လူတွေကို ပြန်လည်စု စည်းပြီး ရန်ကုန်ကို ချီတက်ဖို့ စီစဉ်ထားတယ်လို့ ထားဝယ်သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးက ပြောပါတယ်။

နေပြည်တော်မှာ ဒီကနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ အစိုးရ၊ လွှတ်တော်၊ NNER ပညာရေး ကွန်ယက်နဲ့ ကျောင်းသားတွေရဲ့တွေ့ဆုံပွဲကို လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်း ကျမှ ဆွေးနွေးဖို့ အစိုးရဘက်က ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။

ဒီဆွေးနွေးပွဲရွေ့ဆိုင်းလိုက်ရခြင်းနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက
“ဆွေးနွေးပွဲ ကျင်းပနိုင်မည့်ပုံစံများကို အကြေအလည်ဆွေးနွေးပြီး သဘောတူညီချက် ရမှသာ ဆွေးနွေးပွဲများအောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်သည့်အတွက် လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖေဖော်ဝါရီလ ၁၂ ရက်နေ့နောက်ပိုင်းတွင် ဆွေးနွေးပွဲ ကို ပြန်လည်ကျင်းပရန် သမ္မတမှ ပြောကြား လာသည်ကို အသိပေး တင်ပြလိုပါသည်” လို့ ကျောင်းသား ကိုယ်စားလှယ်တွေနဲ့ တွေ့တဲ့အချိန် သမ္မတကပေးပို့တဲ့ သ၀ဏ်လွှာကို ဖတ်ပြသွားခဲ့ပါတယ်။

အစိုးရ ပြန်ကြားရေးဌာနကတော့ ဒီမနက်အစည်းအဝေးမှာ ကျောင်းသားတွေ ရောက် မလာလို့ အစည်းအဝေး မစတင်နိုင်ဘဲ စောင့်ဆိုင်းနေရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အပြင်မှာ ကျောင်းသားကိုယ်စားလှယ်တွေနဲ့ NNER ကိုယ်စားလှယ်တွေကို ဂိတ်ကနေ ၀င်ခွင့်ရဖို့ အခက်အခဲဖြစ်တဲ့ အချက်ကိုတော့ ဖော်ပြရေးသားထားခြင်းမရှိပါဘူး။
ဖေဖော်ဝါရီ ၁ ရက်နေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဆွေးနွေးစဉ်က နေပြည်တော်လာရောက်တဲ့အခါ စည်ပင်ဧည့်ရိပ်သာမှာ တည်းနိုင်အောင်စီစဉ်ပေးမယ်လို့ အစိုးရဘက်က ကတိပြုခဲ့ပေမယ့် မနေ့ညက ကျောင်းသားနဲ့ NNER ကိုယ်စားလှယ်တွေဟာ ၀န်ကြီးတဦးအမိန့်နဲ့ တားမြစ်ချက်ကြောင့် လမ်းဘေး ကားပေါ်မှာ ညအိပ်ခဲ့ကြရကြောင်း ကာယကံရှင်တွေက ပြောပါတယ်။

[gallery ids="79929,79930,79931"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013