DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် နိုင်ငံခြားသားအမည်ခံ မြေကွက်နှင့် ပိုင်ဆိုင်မှု ဘတ် ၁ ဘီလီယံကျော်ကို ရဲတပ်ဖွဲ့ သိမ်းဆည်း
DVB
·
June 22, 2026
Photo: Khaosod
Photo: Khaosod
Donate to DVB

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားအမည်ခံထားတဲ့ တရားမဝင် မြေကွက်နဲ့ ပိုင်ဆိုင်မှု ဘတ် ၁ ဘီလီယံကျော်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့တဲ့အကြောင်း Khaosod  သတင်းမှာ ဇွန် ၂၀ ရက်က ဖော်ပြပါတယ်။

ဒါဟာ နိုင်ငံတဝန်း နိုင်ငံခြားသားတွေ တရားမဝင် အမည်ခံ စီးပွားရေးလုပ်ကိုင်နေမှုတွေကို တိုက်ဖျက်တဲ့ တတိယအဆင့် စစ်ဆင်ရေးအဖြစ် ရဲတပ်ဖွဲ့ဝင် အင်အား ၅၀၀ ကျော်ဟာ ဖူးခက်၊ ဖန်ငနဲ့ ကရာဘိခရိုင်တွေထဲက အိမ်ခြံမြေတွေကို ဝင် ရောက်စီးနင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အခုစစ်ဆင်ရေးဟာ စုစုပေါင်း မြေအကျယ်အဝန်း ၄၉ ရိုင်လောက်တဲ့ မြေကွက် ၈၉ ကွက်ကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဆိုပါ မြေကွက်တွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ထိုင်းဘတ် ၁ ဒသမ ၀၅ ဘီလီယံ ရှိသလို တရားရုံးတွေကနေ ထိုင်းနိုင်ငံသား ၂၈ ယောက်နဲ့ နိုင်ငံခြားသား ၃၁ ယောက်၊ စုစုပေါင်း လူ ၅၉ ယောက်အတွက် ဖမ်းဝရမ်းတွေ ထုတ်ပြန်ပေးခဲ့ပြီး ရှာဖွေဝရမ်း အစောင် ၆၀ ကိုလည်း ခွင့်ပြုပေးခဲ့တာလို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးသူတွေဟာ ထိုင်းနိုင်ငံသားတွေကို အမည်ခံစေပြီး လည်ပတ်နေတဲ့ သံသယရှိကုမ္ပဏီ ၂၉ ခုနဲ့ နိုင်ငံခြားသား ရှယ်ယာရှင်တွေက လက်တွေ့မှာ အပြည့်အဝ ထိန်းချုပ်ထားပြီး မြေကွက်တွေ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီ ၄၈ ခုတို့ကို ဖော် ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စုံစမ်းစစ်ဆေးခံနေရတဲ့ လုပ်ငန်းတွေထဲမှာတော့ ကမ္ဘာ့လှည့်ခရီးသည်တွေ အဓိကလာရောက်တဲ့ ဒေသတွေက ဟိုတယ်၊ ဗီလာ၊ စားသောက်ဆိုင်၊ ဆေးခြောက်လုပ်ငန်း၊ ကာယအလှနဲ့ အိမ်ခြံမြေ တိုးချဲ့မှုလုပ်ငန်းတွေ ပါဝင်နေတာပါ။

ခရာဘီခရိုင်အတွင်းမှာဆိုရင် ပိုလန်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပတ်သက်နေတဲ့ အိမ်ခြံမြေ တိုးချဲ့ရေး ကုမ္ပဏီတခုဟာ ထိုင်းနိုင်ငံသား ရှယ်ယာရှင်တွေကို အမည်ခံအဖြစ် အသုံးပြုပြီး၊ ဘတ် သန်း ၂၀၀ နီးပါး တန်ဖိုးရှိတဲ့ မြေကွက်တွေကို ထိန်းချုပ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

တခြားဖြစ်စဉ်တခုမှာတော့ တောင်အာဖရိက နိုင်ငံသားတယောက်က ထိုင်းအမည်ခံတွေကတဆင့် ဖျော်ဖြေရေးလုပ်ငန်းတခုကို ပိုင်ဆိုင်ထားတာကို စစ်ဆေးတွေ့ရှိရတယ် လို့ ဆိုပါတယ်။

ဒါ့အပြင် တချို့သော အမည်ခံ ရှယ်ယာရှင်တွေဟာ ကုမ္ပဏီဝန်ထမ်းတွ၊ ဒါမှမဟုတ် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဆွေမျိုးတွေ ဖြစ်နေကြတယ် ဆိုတဲ့ သက်သေအထောက်အထားတွေကိုလည်း တွေ့ရှိထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ကုမ္ပဏီမှတ်ပုံတင်တဲ့နေရာမှာ ကွယ်လွန်သွားသူတွေရဲ့ လက်မှတ်တွေ အပါအဝင် စာရွက်စာတမ်းအတုတွေကို အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း စုံစမ်းစစ်ဆေးသူတွေက စိစစ်နေသလို သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေထဲမှာတော့ ကုမ္ပဏီမှတ်တမ်းတွေ၊ စာရင်းကိုင်စာရွက်စာတမ်းတွေ၊ ကွန်ပျူတာတွေ၊ လက်ကိုင်ဖုန်းတွေနဲ့ အီလက်ထရောနစ် အချက်အလက်တွေ ပါဝင်နေတယ်လို့  ဆိုပါတယ်။

လတ်တလောမှာတော့ တာဝန်ရှိသူတွေကတော့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး တနိုင်ငံလုံး အတိုင်းအတာအထိ တိုးချဲ့လုပ်ဆောင်သွားနိုင်တယ်လို့ ဆိုပါတယ်။

Source: Khaosod 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013