DVB Logo
Home
မြန်မာသတင်း
၎ ပွင့်ဆိုင်ဆွေးနွေးပွဲမစမီ အချေအတင်ဖြစ်
DVB
·
February 3, 2015
၎ ပွင့်ဆိုင်ဆွေးနွေးပွဲမစမီ အချေအတင်ဖြစ်
1 / 6
Donate to DVB

အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်လို့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲရဲ့ ဒီကနေ့ ဆွေးနွေးပွဲမှာ ကျောင်သားတွေနဲ့ NNER ဘက်က အစိုးရနည်းတူ ကူညီပေးဖို့နဲ့ မှတ်တမ်းတင်ဖို့ ခေါ်ဆောင်လာ သူတွေကို အစိုးရဖက်က ခန်းမထဲ ၀င်ခွင့်မပေးတဲ့အတွက် အစည်းအဝေး မစတင်နိုင်သေး ဘဲဖြစ်နေပါတယ်။

ဒီကနေ့ နေပြည်တော် ပညာရေးဝန်ကြီးဌာန အဆောက်အဦမှာကျင်းပမယ့် ဆွေးနွေးပွဲမှာ အစိုးရ၊ လွှတ်တော်၊ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

၎ ပွင့်ဆိုင်ဆွေးနွေးပွဲကို နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးမှာ ကျင်းပမှာဖြစ်ပြီး ကျောင်းသားတွေ ဘက်က စာရင်းပေးထားတဲ့ဆွေးနွေးမယ့် ၁၅ ဦးကိုသာ ခန်းမထဲဝင်ခွင့်ပေးတဲ့အတွက် အစည်း အဝေး မစတင်နိုင်သေးဘဲ အဆင်မပြေဖြစ်နေတာဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က ပြောပါတယ်။
“ဒီနေပြည်တော်ကနေပြီးတော့ ကျောင်းသားတချို့ ကျမတို့ဆွေးနွေးပွဲကို လာရောက်ကြတာလည်း ရှိတယ်။ ကျမတို့ ရန်ကုန်ကလည်း လေ့လာစောင့်ကြည့်သူအနေနဲ့ မှတ်တမ်းယူဖို့ ဒီ NNER က ခေါ်လာတဲ့သူတွေလည်းရှိတယ်။ အဲလို အနေအထားမျိုးမှာ ကျမတို့ကို လောလောဆယ် စာရင်းပေးထားတဲ့ ဆွေးနွေးမယ့် ၁၅ ယောက်ပဲ ၀င်ရမယ်ဆိုတဲ့အခါကျတော့ ဒီမှာ ပါလာတဲ့လူတွေ အကုန်လုံး အဆင်မပြေဖြစ်တာပေါ့နော်။

“အထဲမှာဆိုရင်လည်း အစိုးရဖက်က တခြားသူတွေ ၀င်တာမျိုးရှိတဲ့အခါကျတော့ ကျမတို့အနေနဲ့က အားလုံးဝင်ခွင့်ရမှသာ ၀င်လို့အဆင်ပြေမယ်။ ခန်းမ ကျဉ်းရင် ကျမတို့ ၁၅ ယောက်ထဲ ခန်းမထဲကို ၀င်မယ်။ ခန်းမရှေ့မှာ ပရော်ဂျက်တာတခုထားပြီး အခြားသူတွေကို ခန်းမ ရှေ့အထိ ၀င်ခွင့်ပေးဖို့ လောလောဆယ် တောင်းဆိုထားတယ်။ အဲဒါကို ညှိမယ်ဆိုပြီးတော့ အထဲကိုတော့ ၀င်သွားတယ်ရှင်။”
ဖေဖော်ဝါရီ ၁ ရက်နေ့က ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမှာကျင်းပတဲ့ ဆွေးနွေးပွဲမှာတုန်းက အစိုးရဘက်က ၀န်ကြီးဦးအောင်မင်းနဲ့အတူ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦးအပါအ၀င် မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေက အစည်းအဝေးခန်းမအတွင်း ၀င်ထိုင်ခဲ့ပြီး အစိုးရဘက်ကိုကူညီသလို ကျောင်းသားကိုယ်စားလှယ်တွေနဲ့ NNER ကိုယ်စားလှယ်တွေကလည်း သူတို့ရဲ့ဆွေးနွေးမှုတွေကို မှတ်တမ်းတင်ကူညီပေးနိုင်ဖို့ ခေါ်ယူခဲ့တဲ့အပေါ် အုပ်ချုပ်ရေးပိုင်းက လက်မခံလို့ စကားပြောညှိနှိုင်းနေတာဖြစ်ပါတယ်။

အဲဒီနေ့က ဆွေးနွေးပွဲအတွက် ကြိုတင်သဘောတူညီချက် အပိုဒ် (ဂ) မှာ ဆွေးနွေးပွဲတွင် ပါဝင်သည့် အဖွဲ့လေးဖွဲ့မှ ကိုယ်စားအားလုံး ညီတူညီမျှ တန်းတူအခွင့်အရေးရှိရမည်လို့ သဘောတူခဲု့ကြပါ တယ်။

NNER ကိုယ်စားလှယ်ဒေါက်တာသိန်းလွင်က “ကျနော်တို့ကိုလည်း ကူညီဖို့လိုတယ်လေ။ အစိုးရဘက်ကလည်း ကူညီမယ့်သူတွေရှိနေတယ်။ ကျနော်တို့မှာ တန်းတူအခွင့်အရေးလို့ ကျနော်တို့ ပြောခဲ့ပြီးပြီ။ အဲဒီတော့ အစိုးရအဖွဲ့အစည်းမှာလည်း သူတို့ကူညီမယ့်သူတွေပါတယ်။ မှတ်တမ်းတင်မယ့်သူပါတယ်။ ကျနော်တို့ကလည်း မှတ်တမ်းတင်မယ့်သူတွေ လိုအပ်တယ်။ အခု နေပြည်တော် ပညာရေးဝန်ကြီးဌာန ဂိတ်မှာပဲရှိသေးတယ်။ ကျနော်တို့ကို ကူညီဖို့ လိုက်မယ့်သူတွေကို ၀င်ဖို့ အခက်အခဲဖြစ်နေတယ်။” လို့ ပြောပါတယ်။

ဗကသ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့သတင်းမှာ ဆွေးနွေးပွဲတက်ဖို့လာတဲ့ NNER ကိုယ်စားလှယ်တွေနဲ့ ကျောင်းသား ကိုယ်စားလှယ်တွေအား တည်းခိုဖို့ စည်ပင် ဧည့်ရိပ်သာ ကို ကြိုတင်စာရင်းပေးထားပေမယ့် ဝန်ကြီးတစ်ဦးက ခွင့်မပြုဖို့ စည်ပင်ဧည့်ရိပ်သာကို အမိန့်ပေးထားတာကြောင့် လမ်းပေါ်က ကားထဲတွင် အိပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

နေပြည်တော် ဒီကနေ့ ဆွေးနွေးပွဲမှာ ၁ ရက်နေ့က ဆွေးနွေးခဲ့တဲ့ နံပါတ် ၆ အချက်ဖြစ်တဲ့ ပညာရေး မူဝါဒ ဥပဒေ နည်းဥပဒေများ ရေးဆွဲရာမှာ ဆရာနဲ့ ကျောင်းသားကိုယ်စားလှယ်တွေ ပါဝင်ရေးဆိုတဲ့အချက်ကို ပညာရေးဝန်ကြီးဌာနဖက်က ဒီကနေ့ အဖြေပေးဖို့ရှိနေတယ်လို့လည်း ကျောင်းသားကိုယ်စားလှယ် မဖြိုးဖြိုးအောင်က ပြောပါတယ်။

“ဒီဥပဒေရေးဆွဲတဲ့ ကဏ္ဍမှာက ကျမတို့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲကတဆင့်သွားဖို့ ကျမတို့ တောင်းဆိုထားတာရှိတယ်။ အဲဒါ ပညာရေးဝန်ကြီးဌာနက ကျမတို့ကို ဒီနေ့ အစည်းအဝေးပွဲကျမှ ပြန်ပြီးအဖြေပေးဖို့ ပြောထားတာရှိတယ်။ နောက်ပြီး ကျမတို့ အခု တောင်းဆိုတဲ့အချက် ၁၁ ချက်ကို ဘယ်လိုမျိုး ထည့်သွင်းမလဲ။ အစိုးရရဲ့ အမြင်၊ ကျမတို့ရဲ့အမြင် ဆွေးနွေးပြီးတော့ ကျမတို့ ဘာကြောင့် ဒီဟာကို လိုချင်သလဲဆိုတဲ့ကိစ္စတွေကို ဆွေးနွေးဖို့ရှိပါတယ်။”

ပထမအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ မှာ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

[gallery ids="79849,79850,79851,79852,79876,79877"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013