
ဒီနေ့မနက်ပိုင်းက ရန်ကုန် ကျောက်တံတားမြို့နယ် အနော်ရထာလမ်းမနဲ့ မဟာဗန္ဓုလပန်းခြံလမ်း ထောင့်ရှိ ဖုန်းအပိုပစ္စည်းနဲ့ ဖုန်းပြုပြင်ရောင်းဝယ်ရေးဆိုင်မှာ ဝါယာကြိုးရှော့ခ်ဖြစ်ရာက မီးလောင်မှု စတင်ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရာနေရာကို မီးသတ်ရေယာဉ် အစီး ၂၀ ဝန်းကျင်ခန့် လာရောက် ငြှိမ်းသတ်ခဲ့ပြီး level 1 အုပ်စု သတ်မှတ်ခဲ့ပါတယ်။
လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတယောက်က “ဝါယာကြိုးရှော့ခ်ဖြစ်ပြီး မီးလောင်တာလို့ သိရတယ်။ အထဲကနေ လှိုက်ပြီးလောင်တာ။ ဆုံးရှုံးမှုတန်ဖိုးကို စိစစ်နေဆဲပါ။ အသေးစိတ်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ပေးသွားမယ်လို့လည်း ဆိုပါတယ်။
မီးလောင်မှုဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိတယ်လို့လည်း ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။
“အောက်ထပ်က ဖုန်းပြင်ဆိုင်၊ အပေါ်က လူနေတာ။ အပေါ်ကနေစပြီး လောင်တာလို့ ပြောတယ်။ လူထိခိုက်တာတော့ ရှိတယ်။ မီးခိုးမွှန်တာလို့ ပြောတယ်။ အထဲမှာတော့ စစ်နေကြတုန်းပဲ။”
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၇ ရက်၊ မနက် ၈ နာရီ ၂၁ မိနစ်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ၂ ရပ်ကွက် မဟာဗန္ဓုလပန်းခြံလမ်းနဲ့ အနော်ရထာ လမ်းထောင့်မှာ Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၈ နာရီ ၄၁ မိနစ်မှာ မီးထိန်းနိုင်ခဲ့ကာ ၉ နာရီ ၆ မိနစ်မှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။











