
ဗင်နီဇွဲလားအစိုးရရဲ့ ကြိုတင်ခွင့်ပြုချက်အရ အမေရိကန် စစ်ဘက်ဝန်ထမ်းတွေဟာ မေ ၂၃ ရက်မှာ ကာရာကတ်စ်မြို့တော်မှာ ထူးခြားတဲ့ စစ်ရေးလေ့ကျင့်မှုတခု ပြုလုပ်ခဲ့ပါတယ်။
ဒီလေ့ကျင့်ခန်းဟာ မြို့ထဲက သူတို့ရဲ့ သံတမန်ဌာနချုပ်အထိ ကျယ်ပြန့်သွားပါတယ်။ အမေရိကန် တောင်ပိုင်းကွပ်ကဲမှုဌာနရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး ဖရန်စစ်အယ်လ်ဒိုနိုဗန်လည်း ဒီလေ့ကျင့်ပွဲကို တက်ရောက်ခဲ့သူတွေထဲမှာ ပါဝင်ပါတယ်။
ဒိုနိုဗန်ဟာ သူ့ရဲ့ ဒုတိယအကြိမ်မြောက် တရားဝင်ခရီးစဉ်အဖြစ် ကာရာကတ်စ်ကို ရောက်နေပြီး လေ့ကျင့်ခန်းကို လေ့လာခဲ့ပါတယ်။
ဒါ့အပြင် သံရုံးမှာ အစည်းအဝေးတွေ ကျင်းပတဲ့အပြင် ဗင်နီဇွဲလား ယာယီအစိုးရရဲ့ အကြီးတန်းကိုယ်စားလှယ်တွေနဲ့ ၂ နိုင်ငံဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့တယ်လို့ သံရုံးက ပြောပါတယ်။
ဒါဟာ သမ္မတ ဒေါ်နယ်ထရမ့်ပ် စေလွှတ်လိုက်တဲ့ တပ်တွေက ကာရာကတ်စ်မြို့တော်ကို စီးနင်းပြီး အဲဒီအချိန်က သမ္မတ နီကိုလပ်စ်မာဒူရိုနဲ့ သူ့ဇနီး ဆီလီယာ ဖလောရက်စ်တို့ကို ဖမ်းဆီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နောက်ပိုင်း အမေရိကန်က ဗင်နီဇွဲလားနယ်မြေမှာ ပြုလုပ်ခဲ့တဲ့ ပထမဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်။
အမေရိကန်က ဗင်နီဇွဲလားသမ္မတကို ဖမ်းတဲ့ စစ်ဆင်ရေးအတွင်း လူအယောက် ၁၀၀ ထက်မနည်း သေဆုံးခဲ့တာပါ။
ဗင်နီဇွဲလားရဲ့ တည်ငြိမ်မှုနဲ့ အနောက်ကမ္ဘာခြမ်းတလျှောက်မှာ မျှဝေလုံခြုံရေးရဲ့ အရေးပါမှုကို သေချာစေဖို့ ကတိပြုထားပါတယ်လို့ ကာရာကတ်စ်မြို့တော်ရှိ အမေရိကန်သံရုံးက သူ့ရဲ့ X လူမှုကွန်ရက်မှာ ပြောပါတယ်။
ကာရစ်ဘီယံပင်လယ်ထဲက ဗင်နီဇွဲလားရေပိုင်နက်ထဲကို ဝင်လာတဲ့ MV-22B အော့ပ်စ်ပရေး လေယာဉ် ၂ စင်းနဲ့ သင်္ဘောတွေလည်း လေ့ကျင့်ခန်းမှာ ပါဝင်ခဲ့ပါတယ်။
ဗင်နီဇွဲလားအစိုးရက အခုအပတ်ထဲမှာ အမေရိကန်သံရုံးရဲ့ တောင်းဆိုချက်အရ “ဆေးဘက်ဆိုင်ရာ အရေးပေါ် အခြေအနေတွေ ဒါမှမဟုတ် ကပ်ဘေးဆိုင်ရာ အခြေအနေတွေမှာ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းရေး လေ့ကျင့်ခန်း တခုကို ခွင့်ပြုခဲ့တယ်လို့ ပြောပါတယ်။
ကွယ်လွန်သူ ခေါင်းဆောင် ဟူဂိုချာဗက်ဇ်ရဲ့ အတွေးအခေါ်တွေကနေ လှုံ့ဆော်မှုရပြီး ဗင်နီဇွဲလားမှာ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအယူဝါဒ ‘ချာဗစ်စမို’ ကို ထောက်ခံသူတွေက ဒီလေ့ကျင့်ခန်းကို ဆန္ဒပြခဲ့ပြီး အမေရိကန်တပ်ဖွဲ့တွေက သူတို့နိုင်ငံထဲမှာ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်တာကို ကန့်ကွက်ခဲ့ကြပါတယ်။
Source: Reuters










