
ချင်းပြည်နယ်တောင်ပိုင်းက မတူပီ၊ မင်းတပ်၊ ကန်ပက်လက် စတဲ့ မြို့တွေကို စစ်အာဏာရှင်တပ်က ၁၀ ရက်အတွင်း ၂၅ ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရက်သားကလေး ၁ ယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/CPA) က မေ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မေ ၁၉ ရက် ည ၁၁ နာရီလောက်က မတူပီမြို့ကို ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲသံနဲ့ တုန်ခါမှုတို့ကြောင့် မွေးကင်းစ ၄ ရက်သား ကလေးငယ်တယောက် သေဆုံးခဲ့ပါတယ်။
မင်းတပ်မြို့ပေါ်က စာသင်ကျောင်းတကျောင်းကိုလည်း မေ ၂၀ ရက် ညနေပိုင်းမှာ ၂ ကြိမ် ဗုံးကြဲခဲ့ပြီး မေ ၂၁ ရက် မနက်မှာလည်း ကန်ပက်လက်မြို့ကို ၂ ကြိမ် ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလေယာဉ်တွေဟာ မိတ္ထီလာ ရှမ်းတဲ လေတပ်နဲ့ တံတားဦးလေတပ်တို့က တက်လာတာဖြစ်ပြီး တကြိမ်မှာ ဗုံး ၂ လုံးကြဲချတာလို့ မင်းတပ်ဒေသခံတယောက်က ဆိုပါတယ်။
“အခုတော့ ဗုံးကြဲနေတုန်းပဲ။ လေယာဉ်က ပတ်နေတုန်းပဲ” လို့ သူက ပြောပြီး မေ ၂၄ ရက် ဒီမနက်အစောပိုင်းကလည်း ကန်ပက်လက်မြို့ကို ဗုံး ၂ ကြိမ်ကြဲသေးတယ်လို့ သူက ဆိုပါတယ်။
မေ ၂၂ ရက် မနက် အစောပိုင်း ၂ နာရီလောက်မှာ ကန်ပက်လက်မြို့ကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်၊ မနက် ၉ နာရီခွဲလောက်မှာ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် လုပ်ခဲ့ပြီး မွန်းလွဲပိုင်းမှာတော့ မင်းတပ်မြို့ကို ဂျက်တိုက်လေယာဉ်နဲ့ ၄ ကြိမ်ထပ်ပြီး ဗုံးကြဲခဲ့ပါတယ်။
မေ ၁၃ ရက်ကလည်း မင်းတပ်မြို့ကို ဗုံး ၁ ကြိမ်ကြဲပြီး ၁၄ ရက်မှာတော့ ၂ ကြိမ် ထပ်ကြဲတယ်လို့ CPU/CPA က ဆိုပါတယ်။
ဒါ့အပြင် မေ ၁၆ ရက်က ကန်ပက်လက်မြို့ကို ဗုံး ၁ ကြိမ်ကြဲပြီး မေ ၁၈ မှာ မင်းတပ်ကိုလည်း ၁ ကြိမ်ကြဲခဲ့ပါတယ်။
မေ ၂၂ ရက်အထိ ၁၀ ရက်အတွင်း မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့တို့ကို ဗုံး ၂၅ ကြိမ်ကြဲချ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂ ယောက် သေဆုံးသလို လူနေအိမ်တွေ၊ ဆိုင်ခန်းတွေနဲ့ ရုံးအဆောက်အအုံတွေ အများအပြားပျက်စီးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
Photo: CPU/CPA










