DVB Logo
Home
မြန်မာသတင်း
လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်ကိုကြည့်ပြီး သပိတ်စစ်ကြောင်း အသွင်ပြောင်းမည်
DVB
·
January 31, 2015
လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်ကိုကြည့်ပြီး သပိတ်စစ်ကြောင်း အသွင်ပြောင်းမည်
1 / 5
Donate to DVB

ဖေဖော်ဝါရီ ၁ ရက်နေ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်အပေါ် စောင်ကြည့်ပြီး သပိတ်စစ်ကြောင်းကို အသွင်းပြောင်းသွားမယ်လို့ သပိတ်ကော်မတီပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေး ဆန္ဒပြနေတဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းကနေ ဒီနေ့မနက် စတင်ချီတက်ခဲ့ကြပြီး မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ထဲက ဂွေးပင်ရွာမှာ ဒီညအိပ်ရပ်နားပြီး ဆွေးနွေးပွဲရလဒ်ကို စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။

ကိုရဲရင့်ကျော်က “ဖေဖော်ဝါရီ ၁ ရက်ကတော့ လေးပွင့်ဆိုင်တွေ့ဆုံပွဲ စတဲ့နေ့ဖြစ်တယ်။ အဲ့ဒီနေ့မှာတော့ စစ်ကြောင်းမထွက်ဘဲနဲ့ အခြေအနေကို စောင့်ကြည့်မှာ ဖြစ်တယ်။ အဲ့ဒီတွေ့ဆုံပွဲက အဓိက အာမခံချက်ပေးရမယ့် အချက်အလက်တွေ ဆွေးနွေးတဲ့အခါ ကျနော်တို့ ကျေနပ်လောက်တဲ့အနေအထားမှာ ရှိတယ်ဆိုရင်တော့ စစ်ကြောင်းအသွင်ပြောင်းမယ်၊ တကယ်လို့ ကျေနပ်အားရစရာ မရှိဘူး၊ အစိုးရဘက်က အချိန်ဆွဲမှုမျိုးတွေ လုပ်ဆောင်လာမယ်ဆိုရင် သပိတ်စစ်ကြောင်းကို ၂ ရက်နေ့မှာ ဆက် ချီတက်မယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ ရန်ကုန်က တက္ကသိုလ်စိန်ရတုခန်းမမှာ အစိုးရ၊ လွှတ်တော်၊ မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) နဲ့ သပိတ်မှောက်ကျောင်းသားကော်မတီတို့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ အချက် ၁၁ ချက်ကို အစိုးရထံ တောင်းဆိုထားတာပါ။

အဲ့ဒီဆွေးနွေးပွဲကို ကျောင်းသားသပိတ်ကော်မတီက ၁၅ ဦး တက်ရောက်မှာဖြစ်ပြီး ဗကသကျောင်းသား ၆ ဦး၊ တကသ ကျောင်းသား ၆ ဦးနဲ့ မြေလတ်ဗကသကျောင်းသား ၃ ဦး ပါဝင်တယ်လို့ ဆွေးနွေးပွဲတက်မယ့် မဖြိုးဖြိုးအောင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် ဆွေးနွေးပွဲမှာ ဆွေးနွေးပွဲရလဒ်ထုတ်ပြန်ဖို့ တောင်းဆိုသွားမယ်လို့လည်း သူက ပြောပါတယ်။

“ဆွေးနွေးပွဲတိုင်းမှာ သဘောတူညီချက်တခုခုထုတ်ပြန်ဖို့လိုတယ်။ ဆွေးနွေးပွဲရလဒ်ကို အများပြည်သူသိအောင် မီဒီယာကနေတဆင့် ထုတ်ပြန်ပေးဖို့လိုတယ်။ ဒါမှ ဆွေးနွေးပွဲဟာ တိုးတက်မှုရှိလား၊ မရှိဘူးလား မြင်ရမှာပေါ့နော်။ ကျမတို့ဘက်က ဒီလို ထုတ်ပြန်ပေးဖို့ ပြည့်ပြည့်၀၀တောင်းဆိုသွားမှာပါ။”

အမျိုးသားပညာရေးဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ တဖွဲ့ကို ၁၅ ဦးစီ တက်ရောက်နိုင်တယ်လို့ အစိုးရက ဖိတ်ကြားထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေဟာ အစိုးရနဲ့ တွေ့ဆုံ ညှိနှိုင်းအဖြေရှာရေးအတွက် သတ်မှတ်ကာလရက် ၆၀ အလွန် လှုပ်ရှားမှုကို ဇန်န၀ါရီ ၂၀ ရက်နေ့က မန္တလေးနဲ့ ထားဝယ်မြို့ကနေ စတင်ခဲ့ပြီးနောက် နိုင်ငံတ၀န်း  နေရာအနှံ့  ချီတက်ဆန္ဒပြနေကြတာပါ။

ဓာတ်ပုံ - ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ

[gallery ids="79417,79418,79419,79420,79421"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013