
မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းကို သြဂုတ် ၈ ရက်နဲ့ ၉ ရက်နေ့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ အလွန်အကျွံပြုလုပ်နေတာကြောင့် ဒေသခံ စစ်ဘေးရှောင်ပြည်သူ ၂ ယောက် သေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ချစ်သောအညာမြေအဖွဲ့ တာဝန်ရှိသူက “မြိုင်အနောက်ပိုင်းက ဆူးဝင်း၊ ယာကြီးပြင်၊ ဘောင့်ဘင်နဲ့ မှန်ရင်းရွာတွေဘက်ကို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အလွန်အကျွံလုပ်နေတယ်။ ၈ ရက်နေ့ မနက်ပိုင်းကဆိုရင် ဆူးဝင်းရွာနားကို ညောင်ဦးလေတပ်ကတက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးတွေပတ်ကြဲသွားလို့ စစ်ရှောင်ပြည်သူ ၂ ယောက် သေဆုံးပြီးတော့ အမျိုးသား ၃ ယောက်လည်း ဒဏ်ရာရကြတယ်။ သေဆုံးသွားသူတွေကတော့ အသက် ၃၉ နှစ်အရွယ် အမျိုးသား တယောက်နဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတယောက်တို့ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ မြိုင်မြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ယာကြီးပြင်ကျေးရွာဝန်းကျင်ကို သြဂုတ် ၉ ရက် မနက် ၅ နာရီဝန်းကျင်မှာ တံတားဦးလေတပ်က တက်လာတဲ့ Y12 လေယာဥ်နဲ့ ဗုံး ၃၆ လုံးနီးပါး ကြဲချသွားသလို မနက် ၁၀ နာရီဝန်းကျင်မှာလည်း မှန်ရင်းကျေးရွာနဲ့ အနီးတဝိုက်ကို တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာတစင်း၊ မကွေးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာတစင်းနဲ့ ညောင်ဦးလေဆိပ်ကတက်လာတဲ့ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစင်းတို့က လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်း ထပ်မံပြုလုပ်သွားပြီး ဗုံးအလုံး ၂၀ နီးပါး ကြဲချသွားပါတယ်။
ဒါ့အပြင် စက်လတ်တွေနဲ့ပါ ပစ်ခတ်သွားကာ ညနေ ၄ နာရီဝန်းကျင်မှာလည်း ဘောင့်ဘင်ကျေးရွာအနီးကို မကွေးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။
သြဂုတ် ၃ ရက်မှာ ယာကြီးပြင်ကျေးရွာအတွင်း အထိုင်ချတပ်စွဲနေတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာအတွင်းက လူနေအိမ်တွေကို နေ့စဥ်ရက်ဆက် မီးရှို့ဖျက်ဆီးနေကြသလို စစ်ရေးလှုပ်ရှားတာတွေလည်း ပြုလုပ်နေတာကြောင့် ထိခိုက်ပျက်စီးတဲ့ အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
မြိုင်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့က ရှေ့တန်းရောက် တော်လှန်ရေးတပ်ဖွဲ့ဝင် တယောက်က “အင်အား ၈၀၀ နီးပါးလောက် တပ်စွဲနေတဲ့ ယာကြီးပြင်ရွာထဲကနေ ရှေ့ပြေးအဖြစ် အင်အား ၁၀၀ လောက်နဲ့ ခွဲထွက်လာတဲ့အဖွဲ့က မှန်ရင်းရွာ ဘုန်းကြီးကျောင်းမှာ ရှိနေတယ်။
ယာကြီးပြင်ရွာနဲ့ မှန်ရင်းရွာတွေဆိုတာက နီးနီးလေးပဲ။ ကားတန်းနဲ့ နောက်ချန်အင်အားတွေကတော့ ၉ ရက်နေ့ ညပိုင်းအထိ ယာကြီးပြင်ရွာမှာပဲ ရှိနေပါတယ်။ တိုက်ပွဲတွေကတော့ မိုးထဲလေထဲ လက်ရှိအချိန်အထိ ရှိနေတယ်။ သူတို့ဘက်က အထိနာနေတာအပြင် စစ်ကြောင်းဆက်ထွက်ဖို့အတွက် လေကြောင်းပစ်ကူတွေ ဇွတ်ခေါ်နေတာ” လို့ ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အထိနာနေတဲ့ စစ်တပ်စစ်ကြောင်းရဲ့ လေကြောင်းပစ်ကူ အန္တရာယ်တွေကို သတိထား ရှောင်ရှားကြဖို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစလို့ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ ခြေမြန်တပ်မဌာနချုပ်ကနေ အင်အား ၈၀၀ နီးပါးပါတဲ့ စစ်အာဏာရှင်တပ်စစ်ကြောင်းဟာ ပေါက်မြို့နယ်ထဲကတဆင့် မြိုင်မြို့နယ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။
စစ်ကြောင်းကြောင့် မြိုင်မြို့နယ် အနောက်ခြမ်းမှာရှိကြတဲ့ သင်းမ၊ ဂျုတ်ကုန်း၊ မှန်ရင်း၊ ယာကြီးပြင်၊ ဘောင့်ဘင်၊ ရွာသစ်ကြီး၊ ညောင်ကုန်း၊ ကြက်မောက်၊ စိုတော၊ မြို့ခင်းသာ၊ နှမ်းစားကျင်း စတဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေတာ တလနီးပါးရှိနေပြီလို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။
Photo : ချစ်သောအညာမြေအဖွဲ့










