DVB Logo
Home
Lead Story
“ကမ္ဘာကြီးရဲ့နှလုံးသား”ဟစ်ဟော့သီချင်းဖန်တီးသူ ဦးဝီရသူကို မေးမြန်းချက်
DVB
·
January 30, 2015
“ကမ္ဘာကြီးရဲ့နှလုံးသား”ဟစ်ဟော့သီချင်းဖန်တီးသူ ဦးဝီရသူကို မေးမြန်းချက်
Donate to DVB

ကမ္ဘာကြီးရဲ့ နှလုံးသားဆိုတဲ့ ဟစ်ဟော့သီချင်းတပုဒ် အွန်လိုင်းမှာ လတ်တလော အတော်လေး စိတ်ဝင်တစားနဲ့ နားထောင်နေကြ၊ ရှယ်နေကြပါတယ်။ ဒီသီချင်းကို ရေးသားခဲ့တဲ့ မစိုးရိမ်ဆရာတော် အရှင်ဝီရသူကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီသီချင်းကို အရှင်ဘုရား မန္တလေးအိုးဖိုထောင်မှာ အကျဉ်းကျခံနေရတုန်း ရေးထားတာလို့ သိရပါတယ်။ ဘယ်လိုခံစားချက်နဲ့ ဘာကြောင့် ဒီသီချင်းကို ရေးဖွဲ့ဖြစ်တယ်ဆိုတာ မိန့်ကြားပေးပါ။

“ဟုတ်ပါတယ်၊ ဒီသီချင်းကို ဦးဇင်းရေးထားတာပါ။ ဦးဇင်းတို့ ကျောင်းတော်ကြီးမှာ နေတုန်းက စာနယ်ဇင်းတွေ အမြဲတမ်းဖတ်ရတာပေါ့နော်။ အဲဒီအချိန် ရာသီဥတုနဲ့ ပတ်သက်တဲ့ဟာတွေ ကမ္ဘာကြီးဖောက်ပြန်နေတာတွေ၊ ပြည်သူလူထု သဘာဝဘေးအန္တရာယ်နဲ့ ကျရောက်နေတာတွေ အများကြီး တွေ့ရတဲ့အခါကျတော့ အဲဒါတွေကိုလေ့လာမိပြီးတော့ ပတ်ဝန်းကျင်းထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဦးဇင်းအမြင်လေးကို ရေးစပ်မိတာပေါ့နော်။”

ဘာကြောင့် ဟစ်ဟော့ပုံစံနဲ့ ဒီသီချင်းကိုရေးဖြစ်တာလဲ။ နောက်အဲဒီ သီချင်းရေးဖြစ်တဲ့နေ့က အတွေ့အကြုံ ကို အမှတ်တရ ပြန်ပြီးပြောပြပေးပါလား။

“မန္တလေးအိုးဖိုထောင်ထဲမှာပါ။ နာဂစ်ဖြစ်ပြီးတဲ့အချိန်၊ တညတည်းစပ်တာတော့မဟုတ်ပါဘူး၊ တကြောင်းသတိရလိုက် ကောက်ရေးလိုက်၊ တကြောင်း သတိရလိုက် ကောက်ရေးလိုက်နဲ့ နောက်ဆုံးကျမှ အချောသတ်လိုက်တာ။ ဦးဇင်းတို့ ၂၀၀၈ နောက်ပိုင်းကျတော့ FM သီချင်းတွေ နားထောင်ခွင့်ရလာတာပေါ့နော်။ ထောင်က လော်စပီကာနဲ့ ဖွင့်ပေးတဲ့အခါကျတော့ ဟစ်ဟော့သီချင်းတွေလည်း ဦးဇင်းတို့ အဲဒီကျမှ ကြားဖူးတာပါ။ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ သီချင်းကို ဟစ်ဟော့နဲ့လိုက်ဖက်အောင် ဆိုပြီးတော့ ဦးဇင်းက ကဗျာရေးလိုက်တာ၊ အဲဒီကဗျာကို တေးသံသွင်းဌာန တခုကိုအပ်လိုက်တော့ သူတို့က ဟစ်ဟော့အဖြစ်လုပ်ပေးလိုက်တာ။”

ဒီသီချင်းကို ဘယ်သူက သီဆိုထားပြီး ဘယ်အချိန်မှာ အသံသွင်းဖြစ်ခဲ့တာပါလဲ။

“၂၀၁၂ ကျမှထောင်က ပြန်ရောက်လာပြီးမှ အသံပြန်သွင်းခိုင်းတာပါ။ ရန်ကုန်ကနေ မန္တလေးကိုလာတဲ့ လူငယ်လေး တစ်ယောက်က ဆိုပေးသွားတာပါ။ နာမည်က ဖိုးခွားတဲ့ ၀ါသနာရှင်ထဲကပါ။ မန္တလေးမှာပဲ မထင်မရှားနေရာလေးမှာပဲ အသံသွင်းထားတာပါ။”

ခုအချိန်မှာ ဒီသီချင်းကို ဘာကြောင့် အွန်လိုင်းမှာတင်လိုက်တာလဲ ဆိုတာ ရှင်းပြပေးပါလား။

“ပြီးခဲ့တဲ့ရက်ပိုင်းက ဦးဇင်းဆီကို အမေရိကန်ကအမျိုးသမီးတဦးလာတယ်  သူက သဘာဝပတ်ဝန်းကျင်းထိမ်းသိမ်းရေးအဖွဲ့ကပါ။ ဦးဇင်းရဲ့သဘောတရားကိုသူက မေးချင်တဲ့အခါကျတော့ သဘာဝကို ချစ်မြတ်နိုးမှုရှိမရှိ မေးတာနဲ့ ဦးဇင်းက သဘာဝဟာ ကမ္ဘာကြီးရဲ့ အလှတရားဖြစ်တယ်။ အဲဒီအလှတရားဟာ ကမ္ဘာကြီးရဲ့ နှလုံးသားဖြစ်တယ်လို့ပြောပြတော့ သူက သဘောကျသွားတာ။ ဦးဇင်းတောင် သီချင်းစပ်ထားတာရှိပါတယ်လို့၊ သီချင်းစာသားလေးကိုပြောပြတာ၊ သူက သဘောကျသွားပြီး သူအမေရိကန်ပြန်ရောက်ရင် အဲဒါလေးကို ဘယ်လိုလုပ်မယ် ဘယ်လိုလုပ်မယ်ဆိုပြီး ကတိပေးသွားတယ်။ အဲဒါနဲ့ပဲ ဦးဇင်းက သတိရပြီးတင်ဖြစ်တာ။ အစတုန်းကတော့ အင်တာနက် တင်ဖို့ အစီအစဉ်မရှိပါဘူး။”

ဦးဇင်းနောက်ထပ် ရေးထားတဲ့သီချင်းတွေရောရှိလား၊ ရှိရင်ပြောပြပေးပါလားဘုရား။

“သီချင်းတွေကတော့ရှိတယ်။ အကျဉ်းသားတွေကို ကိုယ်ချင်းစာပြီးရေးထားတဲ့ သီချင်းတွေလည်းရှိတယ် အဲဒါကတော့ ရွှေဝါရောင်အိပ်မက်များဆိုပြီးတော့၊ နောက်တပုဒ် ဦးဇင်းတို့ ၂၀၁၀ မှာ အန်အယ်လ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက်တုန်းကလည်း ဦးဇင်း သီချင်းစပ်ထားတာရှိတယ်။ ဟစ်ဟော့သံစဉ်သီချင်းတွေပါပဲ။ ဘာလို့လဲဆိုတော့ လူတွေကို များများ စားစားပြောနိုင်တဲ့ သီချင်းအမျိုးအစားဆိုလို့ ဒါသွားတွေ့တာ၊ အဲဒါနဲ့ ဦးဇင်း သူတို့နဲ့လိုက်ဖက်မယ့် စာသားလေး ကိုရေးဖြစ်တာ။”

ခုလိုအချိန်ပေးပြီးမိန့်ကြားပေးတဲ့အတွက် ဦးဇင်းကို ဒီဗွီဘီက  ကျေးဇူးတင်ပါတယ်။

“သာဓုပါ ဒီဗွီဘီ ၀ိုင်းတော်သားတွေ ကျန်းမာချမ်းသာဘေးရန်ကင်းကွာ လိုရာဆန္ဒပြည့်ဝပါစေ။”

ဦးဝီရသူ သီချင်းနားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013