
မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ခွက်ရေနံမှော်အနီးက တဲကြီးကျေးရွာကို စစ်အာဏာရှင်တပ်က ဩဂုတ်လကုန်ပိုင်းမှာ ဝင်ရောက်ထိန်းချုပ်ခဲ့ပြီးနောက် စက်တင်ဘာလဆန်းပိုင်းကစပြီး တဲကြီး ကျေးရွာအနီးက ရေနံတွင်းငယ်တွေကို မိုင်းခွဲတာ၊ မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလကုန် ဇွန်လဆန်းကစပြီး မြိုင်မြို့နယ်ကို စစ်အာဏာရှင်တပ်က ဖိအားပေးထိန်းချုပ်ဖို့ ရက် ၂၀၀ စီမံချက်နဲ့ ဗျူဟာပြင်ထားကာ လတ်တလောမှာ တဲကြီးရွာကို ဗဟိုပြုပြီး ဘတ်ဟိုးတွေနဲ့ ထောက်ပို့ သွားလာရေးအတွက် လမ်းဖောက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် တယောက်က ပြောပါတယ်။
“မှော်ထဲကို ဝင်ရှို့တယ်နော်၊ မှော်ထဲကိုဝင်လိုက် ကျင်းတွေကိုဖျက်လိုက် မိုင်းခွဲလိုက် ပြန်ဝင်ပြေးလိုက်၊ ကျောက်ခွက် ဝဲတူး၊ မီးရှို့ရတဲ့အကြောင်းရင်းကတော့ သူတို့က လုပ်ကွက်ပြတာ ပေါ့၊ အပေါ်က စစ်ကြောင်းထိုးတယ် လော်ဘီတွေက လော်လို့ လုပ်ရတယ်ဆိုတဲ့သဘောပေါ့။ နောက်ပြီးတော့ ပြည်သူလူထု ဒုက္ခရောက်အောင်ပေါ့၊ ရေရှည်လာရင် အခြေအနေ မကောင်းတော့ဘူးလေ။ ဘတ်ဖိုးနဲ့လမ်းဖောက်နေတယ်ပြောတယ်၊ ကားကြီးတွေနဲ့ သူတို့က၊ အသွားအလာလွယ်အောင်လေ၊ ဝဲတူး အရှေ့ဘက်ခြမ်းပေါ့၊ တော်တော်အသံထွက်တယ် ရက် ၂၀၀ စီမံကိန်းတို့ဘာတို့ အသံထွက်တယ်၊ ရေနံမှော်ကမှ ကို့ယိုးကားယားဖြစ်လို့ရှိရင် ဒီဘက်နယ်တွေက ရှေ့လျှောက် အလုပ်အကိုင်လက်မဲ့ပြီးတော့ ကျပ်တည်းလာနိုင်တာပေါ့။ မြိုင်ထဲက ဝဲတူးက အဓိကကျတယ်။ နွားသတ်၊ စွန်ကုန်း၊ ဘောင်းအွာ၊ တောင်ရိုး၊ ဆင်စိမ်၊ ကြက်ဆူဟိုက်၊ မှန်ယင်း၊ ကျောက်ခွက်၊ အဲ့ဒီရွာတွေအဓိက ပြေးရတာပဲ၊ များတယ် ၁၀ ရွာလောက်ရှိမယ်။”
လတ်တလောအချိန်အထိ တဲကြီးရွာအနီးက ရေနံတွင်းငယ်တွေကို စစ်အာဏာရှင်တပ်က ဖျက်ဆီး နေပေမဲ့ ကျောက်ခွက်ရေနံမှော်ထဲက အဓိကအရေးပါတဲ့ လုပ်ကွက်တွေကို မထိခိုက်သေးတဲ့ အတွက် ဝင်ငွေရလမ်း မပျက်စီးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲချိန်ကြာလာရင်တော့ ထိခိုက်ဆုံးရှုံးမှုများနိုင်တဲ့အတွက် စစ်အာဏာရှင်တပ်ကို တားဆီးနိုင် ဖို့လိုအပ်တယ်လို့ ဆိုကြပါတယ်။
ပေါက်နဲ့မြိုင်နယ်အစပ်မှာ စစ်အာဏာရှင်က အင်အား ၅၀၀ ကျော်အထိ အသုံးပြုထားပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တဲ့အတွက် သူတို့ ထင်သလောက် ခရီးမပေါက်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရေနံမှော်ရဲ့ အနီးစပ်ဆုံးတနေရာမှာထိုင်ပြီး ခြိမ်းခြောက်နိုင်မလားစောင့်နေတဲ့ အခြေအနေပေါ့နော်၊ ရေနံမှော်ထဲမှာ မွှေနှောက်နိုင်တဲ့အခြေအနေတော့ မဟုတ်ဘူးပေါ့။ ရွာတရွာကို စီးထားနိုင်တဲ့ အဆင့်တော့ ရှိတာပေါ့နော်။ တဲကြီးရွာထဲမှာပဲ အခြေပြုပြီး လကြာကြာနေနိုင်တဲ့ အခြေအနေပါပဲ၊ ရေနံတွင်းတွေ ဖျက်ဆီးနိုင်တဲ့အခြေအနေတော့ အနီးကပ် တဲကြီးကျေးရွာရဲ့ လမ်းဘေးတချို့ ကျင်းလေးတွေ ရှိတာပေါ့နော်။ မှော်ထဲမှာဝင်ပြီးတော့ လှည့်နိုင်တာမျိုးတော့မရှိ ပါဘူး။ လက်ရှိအခြေအနေအရ သူတို့ပါတဲ့ အင်အားအရဆိုရင်တော့ ရေရှည်နေရင်လည်း ထူးထူးခြားခြားကြီးတော့ ရေနံဝင်ငွေပြတ်တောက်သွားတဲ့ အခြေအနေတော့ သူတို့ မလုပ်နိုင်ပါဘူး၊ ရှောင်ရတဲ့ ရွာတွေမှာတော့ ဒုက္ခရောက်သွားတာပေါ့၊ တဲကြီးကျေးရွာတို့ ဘာတို့ပေါ့နော်။ လက်နက်ကြီး တလှမ်း လေးမိုင်ပတ်လည်လောက်ပေါ့။ အဲ့ဒီလောက် ရွာတွေကတော့ တည်တည် ငြိမ်ငြိမ်နေလို့ မရဘူးပေါ့၊ အဲ့ဒီအဆင့်ပါပဲ။ တအားကြီး ရပ်တန့်သွားတဲ့ အခြေအနေမျိုးတော့ သူတို့ မလုပ်နိုင်ပါဘူး လက်ရှိအခြေအနေအရ” လို့ ပြောပါတယ်။
ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ စစ်ကြောင်းဟာ ပေါက်နဲ့မြိုင်နယ်အစပ်က ရေနံမှော်တွေကို ပြန်သိမ်းမယူနိုင်ရင်တောင် ဖျက်ဆီးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ဇွန်လကနေ ဩဂုတ်အထိ စစ်အာဏာရှင်တပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ ထိတွေ့မှု အကြိမ် ၃၀ ကျော်အထိရှိခဲ့ပြီး စစ်အာဏာရှင်တပ်သား ၅၀ ထက်မနည်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒေသ တော်လှန်ရေးတပ်ပေါင်းစု (အညာတမာစစ်ဆင်ရေး) က ထုတ်ပြန်ထားပါတယ်။
အချိန် ၃ လကျော် ထိုးစစ်အတွင်း စစ်အာဏာရှင်တပ်က ဒေသခံပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ ပြီး နေအိမ်ပေါင်း ၄၀၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းမှတ်တမ်းတွေက ဖော်ပြ ပါတယ်။
သုတချမ်းသာ











