DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်း-ကချင်နယ်စပ်တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်
DVB
·
July 17, 2026
Photo : ပြင်ဦးလွင်ခရိုင်၊ အမှတ် - ၅၁၀ တပ်ရင်း
Photo : ပြင်ဦးလွင်ခရိုင်၊ အမှတ် - ၅၁၀ တပ်ရင်း
Donate to DVB

စစ်ကိုင်း-ကချင်နယ်စပ် ကသာခရိုင်ထဲက ထီးချိုင့်၊ အင်းတော်နဲ့ ကသာမြို့နယ်တွေမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက စစ်အာဏာရှင်တပ်ရဲ့ လမ်းကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာ၊ စခန်းနေရာတွေကို ဖိအားပေးတိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

အင်းတော်၊ မော်လူးနဲ့ ကသာမြို့တွေအနီးက စစ်အာဏာရှင်ရဲ့ တပ်စခန်းတချို့ကိုလည်း ဒေသကာကွယ်ရေးအဖွဲ့တွေက ပြန်သိမ်းယူထားတယ်လို့ ဆိုပါတယ်။

ဧပြီလကုန်ပိုင်းမှာ တကောင်းမြို့ကနေတဆင့် ထီးချိုင့်နဲ့ အင်းတော်မြို့တွေကို စစ်တပ်က ပြန်သိမ်းယူခဲ့ပြီး မေလဆန်းမှာ မော်လူးမြို့ကို ဆက်လက်သိမ်းယူခဲ့တာပါ။ ဇွန်လကုန် ဇူလိုင်လဆန်းမှာ  ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက စစ်အာဏာရှင်တပ်တွေကို ပြန်ဖိအားပေး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့ဝင်တယောက်က “ကောလင်းဘက်မှာတော့ တလောက စစ်ကြောင်းထိုးလို့ ဆိုပြီးမှ တိုက်ပွဲအနည်းငယ်ဖြစ်တယ်ဗျ၊ အင်းတော်မှာကတော့ တိုက်ပွဲက ပြင်းထန်နေတုန်း၊ ထီးချိုင့်-မဲဇာကတော့ ဘာမှမဖြစ်သေးဘူး၊ ခုလောလောဆယ်တော့ ကျောက်မှော်ဘက်ကို စစ်ကြောင်းထိုးလို့ ထိတွေ့မှုဖြစ်နေတယ်” လို့ ပြောပါတယ်။

ကသာခရိုင်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ထီးချိုင့်၊ ကသာ၊ အင်းတော်-နဘား၊ မော်လူး၊ နန့်စီးအောင်လမ်းပိုင်းမှာ ပြည်သူတွေ အသွားအလာမလုပ်ကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ ကသာခရိုင်ကွပ်ကဲရေးရုံးက မေ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ခရီးသွားပြည်သူတွေကို ချောဆွဲတာ၊ အရပ်သားကားတွေကို ပုံမှားရိုက်အသုံးပြုပြီး လက်နက်ခဲယမ်း ပို့ဆောင်တာတွေ စစ်အာဏာရှင်တပ်က ပြုလုပ်နေတဲ့အတွက် ပြည်သူတွေ ထိခိုက်နစ်နာမှုမရှိအောင် ကန့်သတ်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြတာပါ။

လတ်တလောမှာ စစ်တပ်က လမ်းပိုင်းတွေကို ဆက်လက်စိုးမိုးနိုင်ဖို့ အားထုတ်နေပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ ကြားဖြတ်တိုက်ခိုက်နေတာကြောင့် လမ်းကြောတလျှောက်လုံးကို အင်အားဖြည့်ပြီး ထိန်းချုပ်နိုင်ဖို့ စိန်ခေါ်မှု ကြုံနေရပါတယ်။

ကသာဒေသခံတယောက်က “ထီးချိုင့်ဘက်ကကျတော့ ကျောက်မှော်ဘက်မှာပေါ့၊ ထီးချိုင့်က ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတော့ ဖြစ်နေတယ်၊ ကျောက်မှော်ဘက်က ထွက်လာတယ်ပေါ့နော်၊ ကသာဘက်ကလည်း အောက်ဘက်ကို ထွက်လာတယ်ပေါ့၊ ညောင်ခြေထောက်တို့ သံပုရာတို့ဘက် အင်အား ၁၀၀ လောက်လို့တော့ သတင်းကြားတယ်။ ထီးချိုင့်နဲ့ ကသာလမ်းကြောပေါ် ပြန်ပြီးတော့ စိုးမိုးဖို့ရာများ စီစဉ်နေသလားတော့ မသိဘူး။ အခြေအနေက လောလောဆယ်တော့ အဲဒီလှုပ်ရှားမှုတော့ရှိတယ်။ အင်းတော်ဘက်က အင်းတော်တမြို့နယ်လုံး လွှမ်းခြုံတာတော့ မဟုတ်ဘူးပေါ့၊ အင်းတော်မြို့ပေါ်ရယ် အဓိကဖြစ်တဲ့ မန္တလေးဘက် ကားလမ်းကြောပေါ်ပေါ့၊ အဲဒီလိုဘက်တွေကိုတော့ သူတို့စိုးမိုးနိုင်ဖို့ စစ်ကောင်စီဘက်က ကြိုးစားနေတယ်ပေါ့။ အတော်အသင့်လည်း စိုးမိုးထားတယ်ပေါ့။ တမြို့နယ်လုံး စိုးမိုးထားတယ်လို့တော့ မဟုတ်ဘူးလို့တော့ သိရတယ်” လို့ ပြောပါတယ်။

တော်လှန်ရေး ၅ နှစ်ကျော်ကာလအတွင်း ဒေသတွင်း ပရဟိတအဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ စစ်ကိုင်းလူဦးရေ ၄ ဒသမ ၉ သန်းနီးပါးမှာ ၁ ဒသမ ၂ သန်းကျော် စစ်ရှောင်နေရတဲ့အတွက် စုစုပေါင်းလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကျော် စစ်ရှောင်နေရတာ ဖြစ်ပါတယ်။

စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေနဲ့ နီးကပ်လွန်းတာ၊ တရွာလုံး မီးရှို့ခံရတာတွေကြောင့် အမြဲတမ်းစစ်ရှောင်နေတဲ့ ရွာတွေကို ဝင်အစီးခံရတာကြောင့် လပိုင်း ယာယီစစ်ရှောင်နေရသူ၊ တိုက်ပွဲနဲ့ စစ်ကြောင်းတွေကြောင့် ရုတ်တရက် အရေးပေါ်စစ်ရှောင်ရသူဆိုပြီး စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ရှောင်အမျိုးအစားတွေ ကွဲပြားနေပြီး လိုအပ်ချက်နဲ့ ထောက်ပံ့ရေးပုံစံတွေလည်း မတူညီဘူးလို့ ဒေသတွင်းပရဟိတအဖွဲ့တွေက ပြောပါတယ်။

တကြော့ပြန်ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ၂၀၂၆ ခုနှစ်မှာ အမျိုးသမီးနဲ့ ကလေးသူငယ်အများစု ပါဝင်တဲ့ လူ ၂ သန်းကျော် အငတ်ဘေး ဆိုက်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တိုက်ရိုက်အချိုးကျနေတယ်လို့ ဆိုပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013